တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲအတွင်း လူပေါင်း ၁၁၄ ဦးသေဆုံးပြီးနောက် ညမထွက်ရအမိန့် ကာဗျူးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 642

နိရဉ္စရာ၊ ဇူလိုင် ၂၂/  ၂၀၂၄

မြန်မာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွန်ခဲ့သည့် အပတ်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူပေါင်း ၁၁၄ ဦးအထိ သေဆုံးခဲ့ရပြီးနောက် ညမထွက်ရအမိန့် ကာဗျူးကို ထုတ်ပြန်လိုက်သည်။

လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာဦးဆောင်သည့် အဝါမီလိဂ် အစိုးရ၏ ကိုတာစနစ်နှင့်  အစိုးရ၏  အလုပ်ခွဲတမ်းအပေါ် ဒက်ကားတက္ကသိုလ်ကျောင်းသားများက စတင်ဦးဆောင် ကန့်ကွက် ဆန္ဒပြရာကနေ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပြီး ယခုကဲ့သို့ လူပေါင်း ၁၀၀ ကျော်သေဆုံးရသည့် အထိ အဓိရုဏ်းများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒက်ကားရှိ  သွားလာသူကင်းမဲ့နေသော လမ်းများပေါ်တွင် စစ်သားများ  စနေနေ့က ဝင်ရောက်လာပြီးသည့် နောက် မြို့တော် ဒက်ကားမှာ ဆန္ဒပြပွဲများ  ငြိမ်သက် သွားခဲ့သော်လည်း  မြို့တော်၏ နေရာ အချို့တွင်  စနေနေ့က ကြိုကြားကြိုကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများ ဆက်လက် ဖြစ်ပေါ်ခဲ့သည့်အတွက်  အနည်းဆုံး လူလေးဦး ထပ်မံ သေဆုံးခဲ့ကြောင်း  ဆေးရုံအချက်အလက်များကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြသည်။ 

အစိုးရ၏  ညမထွက်ရ အမိန့်အပြင် အစိုးရရုံးများ၊ ဘဏ်များ၊ စက်ရုံအလုပ်ရုံများ၊ စျေးဆိုင်များနှင့်  တစ်ခြား စီးပွားရေး လုပ်ငန်းများကိုလည်း နှစ်ရက်ကြာ ပိတ်ထားရန် အစိုးရက အမိန့်ထုတ်ခဲ့သည်။

အစိုးရသည်  နိုင်ငံတွင်း ဖြစ်ပေါ်နေသည့်  မငြိမ်သက်မှု အခြေအနေများကြောင့် တနင်္ဂနွေနှင့်  တနင်္လာနေ့များကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် ကြေညာခဲ့ပြီး  အရေးပေါ် ဝန်ဆောင်မှု လုပ်ငန်းများမှ အပ ကျန်လုပ်ငန်းများကို ရပ်တန့်ဖို့ အမိန့်ထုတ်ခဲ့သည်။ (ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မွတ်ဆလင်အများစု နေထိုင်သည့် တိုင်းပြည် တစ်ခုဖြစ်တာကြောင့် သောကြာနေ့နှင့် စနေနေ့ကို အစိုးရရုံပိတ်ရက်အဖြစ် သတ်မှတ်ထားသည်(စကားချပ်)။)


ဘင်္ဂလားဒေ့ရှ် အစိုးရ အာဏာပိုင်များသည် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က စပြီး တက္ကသိုလ်များနှင့် ကောလိပ်ကျောင်းများကို ပိတ်လိုက်ပြီးနောက်  ထပ်မံပြီး အစိုးရရုံးများနှင့် တစ်ခြား လုပ်ငန်းများကိုပါ ပိတ်လိုက်ခြင်းဖြစ်သည်။

၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲအတွင်း ပါကစ္စတန်စစ်တပ်ကို တော်လှန် တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြသည့်  (Freedom Fighters ) မိသားစုများအတွက် အစိုးရအလုပ် ၃၀ ရာနူန်း ကို သီးသန့် ခွဲတမ်းချမှတ်သည့် အပေါ်  ကျောင်းသားများက မကျေမနပ် ဒေါသဖြစ် ကန့်ကွက်ခဲ့ပြီးတဲ့ နောက် နိုင်ငံတစ်ဝန်း မငြိမ်သက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေ၏ ငါးပုံတစ်ပုံနီးပါးရှိသည့် လူငယ်များအကြားမှာ အလုပ်လက်မဲ့နှုန်းက မြင့်မားလာသောကြောင့် ခုခွဲတမ်းစနစ်မှာ  နိုင်ငံသားများအကြား မညီမျှမှုကို ဖြစ်ပေါ်စေသည်ဟု ဆိုကာ  ကျောင်းသားများက ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 

ယခု ဆန္ဒပြမှုသည်  ယခုနှစ် စတုတ္ထသက်တမ်းအတွက် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာပါတီ ပြန်လည် အရွေးခံရပြီးနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်သည်။

ရှိတ်ဟာဆီးနာ အစိုးရသည်  ၂၀၁၈ ခုနှစ်က ယခု ခွဲတမ်းစနစ်ကို ဖျက်သိမ်းခဲ့သော်လည်း  တရားရုံးတစ်ခုက ခွဲတမ်းစနစ်ကို  ပြီးခဲ့သည့် လက  ပြန်လည်ထည့်သွင်းခဲ့သည် ဆိုသည်။ 

တရားရုံးချုပ်က အစိုးရအယူခံဝင်ပြီးနောက် အလုပ်ခွဲတမ်း ကိုတာစနစ် ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားပြ တနင်္ဂနွေနေ့တွင် အမှုကို ကြားနာသွားမည်ဟု ဆိုသည်။  (ကိုးကား- ရိုက်တာ)

ဆက်စပ် သတင်းများ