သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တောင်ငူရွာမှ ရှေးဟောင်းဓာတ်တော်ကိန်းဝပ်ရာ ပြိုပျက်နေသည့်စေတီတစ်ဆူပြန်လည်ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.6k

နိရဉ္စရာ၊ မေ ၃၀/၂၀၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေမျက်အုပ်စု၊ တောင်ငူကျေးရွာတွင် ပြိုပျက်နေသည့် ရှေးဟောင်း စေတီတော်တစ်ဆူအား အချိန်မီ ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း ကျေးရွာသားများက ပြောကြားသည်။

ပြိုပျက်နေသည်မှာ နှစ်ခန့်ရှိနေပြီးဖြစ်ပြီး ပြန်လည်ပြုပြင် ထိန်းသိမ်းမှုမရှိပါက တစ်စတစ်စဖြင့် နောက်ပိုင်းတွင် လုံး၀ပြိုလဲပျက်စီးသွားနိုင်သည်ဟု ၎င်းစေတီအား ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နေသည့် ကော်မတီဝင် သီလရှင်ဥတ္တမစာရီက ပြောသည်။

ဒီစေတီက မပြုပြင်နိုင်တော့ တစ်နှစ်ပြီး တစ်နှစ် ယိုယွင်းပျက်စီးလာတယ်။ ရွာကလည်း အိမ်ခြေ ၁၁၅ ဆောင်ဘဲရှိတော့ ပြန်လည်ပြုပြင်ဖို့ မတတ်နိုင်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီစေတီတော်ပြုပြင်ရေးအတွက် သီလရှင်တို့ ဘယ်လို လုပ်ရင် ရနိုင်မလဲလို့ အမြဲတန်းကြံစည် အားထုတ်ကြိုးပမ်း နေကြတာ။ တတ်နိုင်တဲ့သူတွေနဲ့  ကုသိုလ်ရေးကို မျှော်တွေးပြီး စေတီတော် ပြန်လည် ပြုပြင်နိုင်ရေးအတွက် အလှူအတန်းပါဝင်ကြဖို့ တိုက်တွန်းနိုးဆော်ချင်ပါတယ်ဟု သီလရှင်ပြောဆိုသည်။

၎င်းစေတီတော်မှ ဌာပနာများမှာ ဘုရားဓာတ်တော်များဖြစ်ကြကြောင်း၊  ရွာသချိုင်္င်းအနီး တောင်ကုန်းပေါ်ရှိ  ရှေးဟောင်းစေတီပျက်က ရောင်တော်ကွန့်မြူးသဖြင့်  ရွာသားများ တူးဖော်ရာမှ ဓာတ်တော်များကို တွေ့ရှိသဖြင့် ရွှေ့ပြောင်းယူပြီး ရွာအနီးရှိ စည်တောင် တောင်းခါးပန်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်က တည်ထားသော စေတီဖြစ်ကြောင်း သီလရှင်က ပြောကြားသည်။

သမိုင်းရာဇဝင်တွေကို ပြောပြတတ်သူတွေတော့ မရှိတော့ဘူး။ ရှေးဟောင်းစေတီပျက်ကနေ ဓာတ်တော်တွေ ရောင်တော်ကွန့်မြူးရာကနေ ရွာသားတွေ တူးဖော်တော့  ငွေသားကြုတ်တွေနဲ့ ဓာတ်တော်တွေ့တယ်လို့ သိရပါတယ်။ ဆရာတော်အပါအဝင် ရပ်ရွာလူကြီးတွေက ရွာအနီးက စည်တောင်မှာ စေတီပြန်တည်ပြီး အဲဒီဓာတ်တော်တွေကို ဌာပနာထားတာပါ။ အခုအချိန်ထိ မကြာမကြာ ရောင်တော်ကွန့်မြူးပါတယ်ဟု ဆက်လက်ပြောဆိုသည်။

ပြိုပျက်နေသည့် စေတီ၏ ဉာဏ်တော်အမြင့်မှာ ပေ ၃၀ ခန့်ရှိပြီး ပတ်လည်မှာ ၁၅ ပေခန့်ရှိကြောင်း သိရသည်။ စေတီတော်ကို ပြန်လည် ပြုပြင်မည်ဆိုပါက သိန်း ၃၀၀ ခန့် ကုန်ကျနိုင်သည်ဟုပြောသည်။

လက်ရှိတွင် စေတီတော်အား ပြန်လည်ပြုပြင်ရေးအတွက် ကော်မတီတစ်ရပ်ကို တောင်ငူဆရာတော် အပါအဝင် အရပ်လူကြီး (၁၀) ဖြင့်ဖွဲ့စည်းထားကြောင်း သိရှိရသည်။

အဆိုပါ စေတီပြပြင်နိုင်ရေးအတွက် ကူညီလှူဒါန်းလိုသူများသည် သီလရှင် ဥတ္တမစာရီ (ဖုန်း-၀၉၂၆၂၄၀၂၆၈၈)၊ ဦးဘတင် (ဖုန်း- ၀၉၂၅၃ ၅၁၀၂၆၅)၊ ဦးကျားတင် (ဖုန်း- ၀၉၂၆၀၁၆၅၇၅၅) နှင့် ဦးမောင်ထွန်းမြင့် (ဖုန်း- ၀၉၄၄၃၁၅၇၃၂၂) သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

 

ဆက်စပ် သတင်းများ