သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူဇာတိ ဆရာတော် အသျှင်တိက္ခိန္ဒြိယ ပျံလွန်တော်မူခြင်းအပေါ် ULA က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၁၈ / ၂ဝ၂၁
ဘာသာ၊ သာသနာ၊ ပညာအကျိုးကို တစိုက်မတ်မတ် သယ်ပိုးဆောင်ရွက်ခဲ့သည့် ဆရာတော် အသျှင်တိက္ခိန္ဒြိယ ဘဝနတ်ထံပျံလွန်တော်မူခြင်းအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ဝမ်းနည်းကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ပေးပို့လိုက်သည်။
အဆိုပါသဝဏ်လွှာတွင် “ဆရာတော်၏ သာသနာပြုမှတ်တမ်းများအရ ၁၃၃၃ ခုနှစ်မှစ၍ ပျံလွန်တော်မူချိန်အထိ ရန်ကုန်မြို့၊ အင်းစိန်-ရွာမ အရှိရပ်ကွက် ရတနာဗောဓိကျောင်း၌ နိုင်ငံတစ်နံတစ်လျားမှ ကြွရောက်တော်မူလာကတ်သော စာသင်သားရဟန်းတော်များအား ပရိယတ္တိစာပီများတစိုက်မတ်မတ် သင်ကြားပို့ချပီးနီခသည်။ ပရိယတ္တိသာသနာတော်ကြီးအတွက် အရိုးကြီကြီအရီခမ်းခမ်း ကြိုးပမ်းအားထုတ်ရုံသာမက ရခိုင့်ရှေးဟောင်း ယဉ်ကျေးမှု ဗုဒ္ဓအနုလက်ရာတိ စောင့်ထိန်းခြင်းကိုလည်း အားစိုက်လုပ်ဆောင်တော်မူခပါသည်။ ကျောက်ဖြူမြို့ ကံ့ကော်တောရှေးဟောင်းပေါ်တော်မူ ဘုရားဝင်း၌ မဟာဇေယျမုနိကြေးသွန်းပေါ်တော်မူဘုရားနန့် တန်ဆောင်းတော် တည်ဆောက်ခြင်း၊ ဇာတိ လိပ်ခမော်ရွာ၌ မဟာလာဘမုနိဘုရားကြီးတန်ဆောင်း၊ ကိုးသောင်းပုံပွား၊ ထုက္ကန်ပုံတူ ကိုးနဝင်းစေတီတော်များနန့် အာရုံခံတန်ဆောင်းများကို ရှေးမူပုံစံဆောက်လုပ်တော်မူခသည်။
ယင်းအပြင် ၂၀၀၀ ပြည့်လွန်နှစ်များမှစ၍ ရန်ကုန်ရောက် ရခိုင်များ နန့် စာသင်သားများအတွက် “အမျိုးဂုဏ်” နာမည်ဟိ စာကြည့်တိုက်ကို ထူထောင်ပီးခခြင်း၊ ၂၀၁၂ ခုနှစ်ကစ၍ လူငယ်များ ပညာရေးကဏ္ဍ တိုးတက်စီဖို့အတွက် “ဗောဓိအလင်းပညာရေးဖောင်ဒေးရှင်း” ကို စတင်ဖွဲ့စည်းဆောင်ရွက်စီခြင်း စသည့် လူမှုဘဝ တိုးမြင့်ရီးအတွက်လည်း အားသွန်ခွန်စိုက် စီမံဆောင်ရွက်ပီးတော်မူခသည်။
ဤသို့ သာသနာ့ဝန်၊ ရခိုင်အမျိုးသားဝန်ကို အစဉ်တစိုက် ထမ်းရွက်တော်မူနီစဉ်အတွင်း အင်းစိန်-ရွာမ အရှိရပ်ကွက် “ရတနာဗောဓိပရိယတ္တိစာသင်တိုက်” ဦးစီးပဓါန နာယကဆရာတော်ကြီး အသျှင် တိက္ခိန္ဒြိယ သက်တော်(၈၇) နှစ်၊ ဝါတော်(၆၈) ဝါသည် ၁၃၈၃ ခုနှစ်၊ နံယုန်လဆန်း(၅) ရက် [ခရစ်-၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၄)ရက်နိ] ညဉ့် (၉) နာရီ၊ (၈) မိနစ်အချိန် ဘဝနတ်ထံပျံလွန်တော်မူလားကြောင်း ကြားသိရ၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနီဖြင့် မိသားစု၊ ဆွီမျိုးများနန့် ထပ်တူဝမ်းနည်းကြီကွဲရပါသည်။
ဘာသာ၊ သာသနာ၊ ပညာအတွက် အကောင်းဆုံး တာဝန်ထမ်းဆောင်ခသော ဆရာတော် အသျှင်တိက္ခိန္ဒြိယ အသျှင်သူမြတ်တို့ ဤဝမ်းနည်းခြင်းနန့် ဂုဏ်ပြုခြင်းသဝဏ်လွှာကိုပီးပို့ယင်း ရခိုင့်ဂုဏ်ဆောင် ဆရာတော်၏ လုပ်ဆောင်ချက်များအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။”ဟု ရေးသားဖော်ပြထားသည်။
ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်တော်အား အန္တမအဂ္ဂိစျာပနပူဇော်ပွဲကို ယနေ့ ဇွန်လ ၁၈ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် အင်းစိန်-ရွာမ အရှိရပ်ကွက်ရှိ ရတနာဗောဓိကျောင်းတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဆရာတော်အသျှင်တိက္ခိန္ဒြိယကို ခမည်းတော် ဦးမောင်ပု၊ မယ်တော် ဒေါ်ပုံ့ပုံ့မတို့က ရခိုင်ပြည် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာ၌ ၁၂၉၇ ခုနှစ်၊ နတ်တော်လဆန်း (၁၃) ရက်၊ စနေနေ့တွင် ဖွားမြင်တော်မူခဲ့သည်။ ဆရာတော်၏ ငယ်မည်မှာ ထွန်းစံဦးဖြစ်ပြီး မွေးချင်း (၃) ဦးအနက် အကြီးဆုံးသားဖြစ်သည်။ အသက် (၈) နှစ်အရွယ် ၁၃၀၅ ခုနှစ်တွင် ရှင်သာမဏေအဖြစ် ရောက်ရှိပြီး ၁၃၁၂ ခုနှစ်တွင် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ကုန်းကြီးရွာ ဆရာတော် ဘုရားကြီး အသျှင်ဦးပဏ္ဍိစ္စကို ဥပဇ္စျာယ်ပြု၍ ရဟန်းအဖြစ်သို့ရောက်ရှိခဲ့သည်။
ဆရာတော်သည် မင်္ဂလသုခ (ပါဠိတက္ကသိုလ်)၊ မင်္ဂလာရာမ (ပါဠိတက္ကသိုလ်)၊ အလုံပရိယတ္တိစာသင်တိုက်၊ တေဇိန္ဒာရာမပရိယတ္တိစာသင်တိုက်-ရန်ကုန်၊ ပဇ္ဇောတာရုံ(ပါဠိတက္ကသိုလ်)-မြောင်းမြမြို့၊ ပခုက္ကူအလယ် တိုက်ကြီး-ပခုက္ကူမြို့၊ နန္ဒိသေနာရာမ(ပါဠိတက္ကသိုလ်)-မန္တလေးမြို့၊ တောင်ရေဦးတိုက်-စစ်ကိုင်းမြို့တို့တွင် ပရိယတ္တိစာပေများကို လေ့လာဆည်းပူး သင်ယူခဲ့ပြီး သာသနဓဇ သီရိပဝရ ဓမ္မာစရိယဘွဲ့ကို ဆွတ်ခူးရရှိတော်မူခဲ့သည်ဟုလည်း ULA ၏ သဝဏ်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ