ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စစ်တွေမြို့ မဏိရတနာဆရာတော်ကြီး ပျံလွန်တော်မူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 4.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၃၀/ ၂၀၂၁
စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်ရှိ မဏိရတနာဆရာတော်ကြီး၊ နိုင်ငံတော် သံဃာမဟာနာယက (ငြိမ်း)၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ကြီးသည် ယနေ့ ဇူလိုင်လ ၃၀ ရက် နေ့လယ် ၂နာရီခွဲခန့်တွင် လေဖြတ်ရောဂါဖြင့် ပျံလွန်တော်မူသွားခြင်းဖြစ်ကြောင်း အနီးကပ်ပြုစုပေးခဲ့သည့် ဆရာတော် ဦးဉာဏက နိရဥ္စရာသို့ မိန့်သည်။
ဆရာတော်ကြီးပျံလွန်တော်မူချိန်တွင် သက်တော် (၈၄) နှစ်နှင့် သိက္ခာတော် (၆၃) ဝါရှိကြောင်း သိရသည်
ဆရာတော် ဦးဉာဏက “လေဖြတ်ရောဂါနဲ့ ပျံတာပါ။ ကျန်တာ ဘာရောဂါမှ မခံစားခဲ့ရပါဘူး။ လေဖြတ်တာက ကိုဗစ်နဲ့ ဆေးရုံတင်ခဲ့ရတုန်းက ဆေးရုံက မထွက်ခင် နှစ်ရက်အလိုက လေဖြတ်သွားတာ။ အခု လေပြန်တယ်လို့ ပြောရမှာပေါ့။ ကျောင်းမှာပဲ ပျံတာပါ” ဟု မိန့်သည်။
ဆရာတော်ထံတွင် ကိုဗစ်ပိုးကူးစက်ခံခဲ့ရသည့်အတွက် ဇူလိုင်လ ၉ ရက်နေ့က စစ်တွေဆေးရုံကြီး၌ ၁၄ ရက်ကြာ တက်ရောက် ကုသမှုခံယူပြီး ကိုဗစ် ပျောက်ကင်းသွားသဖြင့် ဇူလိုင် ၂၂ ရက်နေ့က ဆေးရုံက ဆင်းလာခဲ့သည်။
ဆေးရုံက ဆင်ပြီး တစ်ပတ်ခန့် အကြာတွင် လေဖြတ်ရောဂါဖြင့် ဆရာတော်ကြီး သတင်းသုံးရာ မဏိရတနာဘုန်းတော်ကြီးကျောင်းတွင် ပျံလွန်တော် မူသွားခဲ့ခြင်း ဖြစ်သည်။
“လောလောဆယ် ဆရာတော်ကြီးရဲ့ ဈာပန အခြေအနေကို မပြောနိုင် သေးဘူး။ တခြား ဆရာတော်တွေကို ပင့်ထားတယ်။ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာကို အကုန်လုံးဆွေးနွေးမှ အဖြေထွက်မှာပါ။ ဆရာတော်ကြီးရဲ့ ရုပ်ကလပ်က ကျောင်းမှာပဲ ရှိပါတယ်” ဟု ဆက်မိန့်သည်။

ဆက်စပ် သတင်းများ