ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ပန်းမြောက်တောင်ဆရာတော်ကြီးပျံလွန်တော်မူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 747

သဥ္ဇာနွယ်
နိရဥ္စရာ၊သြဂုတ် ၁၄ /၂၀၂၁
ရခိုင်ပြည် ၊တောင်ကုတ်မြို့မှ လူသိများထင်ရှားသည့် ဆရာတော်ကြီး တစ်ပါးဖြစ်သည့် ပန်းမြောက်တောင် ဆရာတော်ကြီးအရှင်ဇာဂရသည် ယမန်နေ့ညက တောင်ကုတ်ဆေးရုံတွင် ပျံလွန်တော်မူသွားကြောင်း သတင်းရရှိသည်။
တောင်ကုတ်၊ သိမ်တော်ရပ်ကွက်၊ ပန်းမြောက်တောင်တွင် သီတင်းသုံးခဲ့သည့် ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်တွင် သက်တော် (၇၆)နှစ်၊ ဝါတော် (၅၆) ရှိပြီဖြစ်သည်ဟု သိရသည်။
ပန်းမြောက်တောင်ဆရာတော်ကြီးသည် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသနေစဉ် ပျံလွန်သွားကြောင်း တောင်ကုတ်ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းဇော်က နိရဥ္စရာသို့ အတည်ပြုပြောသည်။
"ဆရာတော်ကြီးက ဆေးရုံရောက်တာ ၁၀ရက်ကျော်ပြီ။ ဆီချိုး၊ သွေးချို ရောဂါအခံလည်းရှိတယ်။ ကိုဗစ်လည်းဖြစ်နေတယ်။ သက်သာနေရာကနေ မနေ့ ည ၁၁ နာရီ ၄၅မိနစ်မှာ ပျံတော်မူသွားတာပါ"ဟု သူက ပြောသည်။
ဆရာတော်ကြီးသည် ပန်းမြောက်တောင်ကုန်းပေါ်၌ တစ်ပါးထဲ တရား ကျင့်နေသော ဆရာတော်ကြီး တစ်ပါးဖြစ်သလို သီလ သိက္ခာသမာဓိနှင့် ပြည့်စုံသည့် ဆရာတော်ကြီးတစ်ပါးဖြစ်သဖြင့် တောင်ကုတ် တစ်မြို့လုံးနီးပါး ဝမ်းနည်းနေကြသည်ဟု တောင်ကုတ်ရှင်သန်ရေးပရဟိတ အတွင်းရေးမှူး ကိုဝင်းမြင့်သူက နိရဉ္စရာသတင်းဌာနကို ပြောသည်။
" ဆရာတော်က အင်မတန် သီလ သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးပါ။ တောင်ကုန်းပေါ်မှာ တစ်ပါးထဲ တရားကျင့်တယ်။ အခုလိုမျိုး ဖြစ်ပြီး ပျံသွားတာကို တောင်ကုတ် တစ်မြို့လုံးနီးပါး အလွန် ဝမ်းနည်း နေကြတယ်" ဟု ပြောသည်။
ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်တော်ကို ယနေ့နံနက် ၁၀ နာရီက မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ