သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတန်ဆောင်တိုင်ပွဲတော်အတွက် အရုပ်ကြီးမောင်နှံဖြင့် မြို့ပတ်အလှူခံ၊ နေ့တဝက်အတွင်း ၁၃ သိန်းကျော်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.2k

အေးမြတ်ခိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၈/၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တန်ဆောင်တိုင်ပွဲတော်တွင် ထည့်သွင်းကျင်းပမည့် သံဃာအပါး ၅ဝဝ ကျော်ကိုဆွမ်းတော်ကြီးလောင်းလှူရန် အတွက် အရုပ်ကြီးဇနီးမောင်နှံလှည့်လည်အလှူခံလျက်ရှိရာ စတင်အလှူခံသည့်နေ့ နေ့တဝက်အတွင်း အလှူငွေ ကျပ် ၁၃ သိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။
စစ်တွေတွင် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး ဂေါပကအဖွဲ့ကဦးဆောင်၍ သံဃာတော်အပါး ၅၅ဝ ကိုဆွမ်းတော်ကြီးလောင်းလှူရန် အရုပ်ကြီးဇနီးမောင်နှံသည် ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၈ နာရီမှစတင်ကာ မြို့ပတ်လှည့်လည်အလှူခံနေခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းအချိန်အတွင်း ကျပ် ၁၃ သိန်းကျော်ကောက်ခံရရှိခဲ့ပြီဟု သိရသည်။
ရရှိသည့်အလှူငွေကို သံဃာတော်များအား ဆွမ်းတော်ကြီးလောင်းလှူပြီး ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရာတွင်လည်း အသုံးပြုမည်ဖြစ်၍ ဝမ်းမြောက်ကြောင်းဖြစ်ရကြောင်း ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ဒုတ်က နိရဥ္စရာကို ပြောသည်။
"ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ သံဃာအပါး ၅၅၀ ကို ဆွမ်းတော်ကြီးလောင်းလှူမှာလေ အဲ့ဒီအလှုငွေတွေနဲ့"ဟု ပြောသည်။
ဆွမ်းတော်ကြီးလောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သော နိုဝင်ဘာလ ၁၈ ရက်တွင် စစ်တွေမြို့ ပြည်လုံးချမ်းသာဘုရားကြီးရှေ့ရှိ ဝင်္ကပါကွင်းတွင်ပြုလုပ်သွားမည်ဟု ဆက်ပြောသည်။
ယင်းသို့ ဆွမ်းတော်ကြီးလောင်းလှူနိုင်ရန်အတွက် အရုပ်ကြီးဇနီးမောင်နှံသည် စစ်တွေမြို့ကို ပတ်၍ နိုဝင်ဘာလ ၁ဝ ရက်အထိ (၃)ရက်တိုင်တိုင် လှည့်လည်အလှူခံသွားမည်ဟုလည်း သိရသည်။
စစ်တွေတွင် နှစ်စဉ်တန်းဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် ညပွဲအဖြစ် ဇာတ်သဘင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ဝင်္ကပါကွင်းတွင် ကျင်းပလေ့ရှိပြီး တိုက်ပွဲနှင့် ကိုဗစ်ကြောင့် မကျင်းပနိုင်ခဲ့သည်မှာ (၂)နှစ်ရှိပြီဟု သိရသည်။
ယခုနှစ်ကျင်းပမည့် စစ်တွေတန်ဆောင်တိုင်ပွဲတွင် ညပွဲအဖြစ် စိန်ရွှေရတနာဇာတ်သဘင်က ကပြဖျော်ဖြေမည်ဟု သိရသည်။

ဆက်စပ် သတင်းများ