သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မကြာခဏယာဉ်မတော်တဆဖြစ်၍ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများရှိနေသည့်ကန်စောက်တောင်တွင် ဘာသာရေးအရအန္တရာယ်ကင်းပရိတ်နာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.9k

မြထွီးသျှင်

နိရဥ္စရာ၊ နိုဝင်ဘာ ၂၀/၂၀၂၁

မကြာခဏယာဉ်မတော်တဆဖြစ်၍ သေဆုံးမှု၊ ဒဏ်ရာရရှိမှုရှိနေသည့် ကျောက်တော်မြို့နယ်မှ ကန်စောက်တောင်တွင် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်က ဘာသာရေးအရ အန္တရာယ်ကင်း ပရိတ်နာကြားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတောင်ပေါ်တွင် တစ်ပတ်အတွင်း ယာဉ်မတော်တဆဖြစ်၍ လူ ၂ ဦးသေဆုံးပြီး ၃ဝ ကျော် ဒဏ်ရာရရှိခဲ့သည့်အတွက် အဆိုပါနေ့ နံနက် ၇ နာရီခန့်က သုခမိတ္တာနာရေးကူညီမှုအသင်းက ဦးစီးပြီး သံဃာတော် ၇ ပါးဖြင့် ယခုလို အန္တရာယ်ကင်းပရိတ်တရားနာကြားခဲ့ခြင်း ဖြစ်ကြောင်း သုခမိတ္တာနာရေး ကူညီမှုအသင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုစိုးမင်းထွန်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။

အဓိကကတော့ အန္တရာယ်ကင်းရှင်းစေဖို့အတွက်ပေါ့နော်။ တစ်ပတ်အတွင်းမှာ ယာဉ်တိုက်မှု သုံးကြိမ်တိတိဖြစ်သွားတော့ ဘာသာရေးအရ လုပ်လိုက်တာပါ။ ကမ္မဝါစာ ဖတ်ကြားတာတွေလည်း လုပ်ခဲ့တယ်ဟု ၎င်းက ပြောသည်။

ပရိတ်နာပွဲသို့ ကန်စောက်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ၊ ကန်စောက်တောင်အနီးရှိ တပ်နယ်မြေမှ စစ်တပ်အရာရှိများတက်ရောက်ခဲ့သည်ဟု သိရသည်။

အမြင့်ပေ ၄၄ဝ ပေရှိသော ကန်စောက်တောင်ပေါ်တွင်  နိုဝင်ဘာလ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ဘုရားဖူးကားတစ်စီးသည် စစ်တွေမှ ကျောက်တော်သို့အသွား ကန်စောက်တောင် အဆင်းတွင် မတော်တဆဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုမရှိခဲ့ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခန့်က မင်းပြားမြို့နယ်မှ ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်ဘုရားသို့သွားဖူးသည့် ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်၍ လူ ၂ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် နိုဝင်ဘာလ ၁၅ ရက်ကလည်း ကန်စောက်တောင်အတက်တွင် မင်းပြားမြို့နယ်ဘက်မှ ဘုရားဖူးကားတစ်စီးတိမ်းမှောက်မှုဖြစ်၍ အမျိုးသမီး ၂ ဦးသေဆုံး၍ ၁၄ ဦး ဒဏ်ရာ ရရှိသွားခဲ့သေးသည်။

ဆက်စပ် သတင်းများ