ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စစ်တွေရှိ လောကာနန္ဒာစေတီတော်ကို ကျပ်သိန်းပေါင်း ၃ သောင်းကျော် အကုန်ကျခံ ပြုပြင်မွမ်းမံနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.6k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁/၂၀၂၁
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့လယ်ရှိ အထင်ကရစေတီတော်တစ်ဆူဖြစ်သော လောကာနန္ဒာစေတီတော်ကြီးကို ကျပ်သိန်းပေါင်း ၃ သောင်းကျော် အကုန်ကျခံ ပြုပြင်မွမ်းမံနေသည်ဟု သိရသည်။
အဆိုပါစေတီတော်မြတ်ကြီး၏ မျက်နှာကြက်နှင့် ထီးတော်ကို ၂၀၁၈ ခုနှစ်၊ မတ်လမှစတင်ကာ တစ်နှစ်ခန့်အကြာမွန်းမံခဲ့ခြင်းဖြစ်ပြီး ကြားထဲတွင် ကိုဗစ်ကြောင့် ၃ နှစ်ခန့်ရပ်နားထားခဲ့ရပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလမှစကာ ပြန်လည်ပြုပြင်မွမ်းမံနေခြင်းဖြစ်သည်။
လက်ရှိတွင် ၆ဝ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဟုလည်း လောကာနန္ဒာစေတီဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သိန်းခိုင်က နိရဥ္စရာသို့ပြောသည်။
“သံပြားနဲ့လုပ်ထားတဲ့ မျက်နှာကြက်အဟောင်းကို ခွာချပြီး အခုက ဟော်လိုသံနဲ့ ဖရိန်ဆင်ပြီးတော့ ကွန်ဘိုးစစ်ပြားနဲ့ ပြန်ပြီးတပ်ထားတယ်ပေါ့နော်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၁၈ ဒီကိုရောက်တုန်းက တင်ပြခဲ့တုန်းက ဒါကိုစပြီးအကောင်အထည်ဖော်ခဲ့တာပေါ့နော်။ ပြီးစီးဖို့က ဒီဇင်ဘာ၊ ဇန်နဝါရီလောက်ဆိုရင် ခန့်မှန်းထားတယ်” ဟုပြောသည်။
စေတီတော်အတွင်းရှိမျက်နှာကြက်၏အကျယ်မှာ အချင်း ၂၃၂ ပေရှိပြီး မျက်နှာကြက်များပေါ်တွင် သင့်တော်သည့်ပန်း၊ ပန်းချီပုံများ ရေးဆွဲသွားမည်ဖြစ်၍ မျက်နှာကြက်တစ်ခုတည်းအတွက် ကျပ်သိန်းပေါင်း ၃ သောင်းကုန်ကျမည်ဟု သိရသည်။
အလားတူ စေတီတော်၏ထီးတော်မှာ အချင်း ၂၆ ပေရှိပြီး သိန်းကိုးရာအကုန်ကျခံ၍ မန္တလေးတွင်ပြုလုပ်ထားပြီဖြစ်ပြီး နောက်ပိုင်းတွင် ထီးတော်တင်ပွဲအား ခမ်းခမ်းနားနားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ပြုပြင်ရာတွင် ကုန်ကျငွေပမာဏအားလုံးကို အလှူရှင်တစ်ဦးတည်းက လှူဒါန်းပေးခြင်းဖြစ်သည်ဟုလည်း သိရသည်။
လောကာနန္ဒာစေတီတော်ကြီးကို စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်တွင် ၁၉၉၉ ခုနှစ်၊ မတ်လ ၂ ရက်၌ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေက တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။
စေတီတော်ကြီး၏အမြင့်မှာ ၁၆၂ ပေရှိပြီး ရင်ပြင်တော်အကျယ်မှာ ၄၅၉ ပေရှိကာ အရံစေတီတော် ၈ ဆူနှင့် မုခ်ပေါက်ဝ ၄ ခုရှိသည်။
အဆိုပါစေတီတော်ကြီးကိုတည်ထားသည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်၍ ပျက်စီးယိုယွင်းမှုများရှိလာသည့်အတွက် ယခုကဲ့သို့ ပြန်လည်ပြုပြင်မွမ်းမံနေရခြင်းဖြစ်ကြောင်း သိရသည်။
--------------------------------

ဆက်စပ် သတင်းများ