ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ယခုနှစ် ဆံတော်ရှင်ဘုရားပွဲ တောင်တက်လမ်းကို ဆိုင်ကယ်ဖြင့်တက်ရောက်ခွင့်ပြုမည်မဟုတ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k


မြထွီးသျှင်

နိရဥ္စရာ၊ ဒီဇင်ဘာ ၃/ ၂၀၂၁

ရခိုင်ပြည်နယ်မှ အစည်ကားဆုံး ဘုရားပွဲတော်တစ်ခုဖြစ်သည့်  ဆံတော်ရှင်ဘုရားပွဲတော်အတွင်း တောင်တက်လမ်းတွင် ဆိုင်ကယ်များကို အသုံးပြုသွားရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ဂေါပကအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးချစ်စိန်က နိရဥ္စရာကို ပြောသည်။

လမ်းက သေချာမကောင်းဘူး။ ဖုန်တွေကလည်း အရမ်းထတယ်။ အဲဒါကြောင့် ဆိုင်ကယ်နဲ့တက်ခွင့်မပြုတာဟုပြောသည်။

ဆံတော်ရှင်ဘုရားသို့သွားရောက်ရသည့်တောင်တက်လမ်းမှာ ဆိုးဝါးစွာပျက်စီးနေသည့်အတွက် ဘုရားပွဲတော်မတိုင်မီ ပြန်လည်ပြုပြင်နေပြီဟုလည်း ဆက်ပြောသည်။

ဆံတော်ရှင်ဘုရားပွဲမတိုင်မီရက်များတွင်မူ ဘုရားပွဲအတွင်းရောင်းချသွားမည့် စျေးသည်များ၏လိုအပ်သည့်ပစ္စည်းများကိုမူ ဆိုင်ကယ်ဖြင့်သွားလာသယ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးက နိရဥ္စရာသို့ပြောသည်။

စျေးသည်တွေကိုတော့ ပွဲတော်ကာလမတိုင်ခင်မှာ ဆို်င်ကယ်တွေနဲ့ သယ်ယူဖို့ခိုင်းသွားမယ်။ အခုတော့ လမ်းလုပ်တာ ကားလမ်းတွေတော့ မပြီးသေးဘူး။ နောက်တစ်ရက်နှစ်ရက်လောက်နေရင်တော့ ပြီးမယ်။ ပွဲတွင်းကာလဆိုရင် ဘုရားဖူးခရီးသည်တွေများတော့ အန္တရာယ်ဖြစ်မှာစိုးလို့ ဆိုင်ကယ်နဲ့တက်ခွင့်မပြုဘူးဟု ပြောသည်။

ယခုနှစ် ဆံတော်ရှင်ဘုရားပွဲတော်ကို ဒီဇင်ဘာလ ၁၃ ရက်မှစ၍ ၂၁ ရက်အထိ အဆင့်မြင့်ဇာတ်သဘင်အပါအဝင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု ဂေါပကအဖွဲ့က ပြောထားသည်။

ရခိုင်တွင် စစ်ရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် အဆိုပါဘုရားပွဲတော်ကို (၂)နှစ်ကြာကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင် ပြန်လည် ကျင်းပခြင်းဖြစ်သည်။

ဆံတော်ရှင်ဘုရားသည် ပေါက်တောမြို့နယ်၊ မြေငူကျွန်းမှ နိလာပဗ္ဗတတောင်ပေါ်၌တည်ရှိသည့် သမိုင်းဝင်ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး ဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာထည့်သွင်းတည်ထားသည့် တန်ခိုးကြီးစေတီတစ်ဆူဖြစ်ကြောင်း ရခိုင်သမိုင်းများအရ သိရသည်။

ဆံတော်ရှင်ဘုရားပွဲကို နှစ်စဉ်နတ်တော်လတွင် စည်စည်ကားကားကျင်းပတတ်ပြီး ရခိုင်ပြည်နယ်တဝှမ်းလုံးမှ ဘုရားဖူးဧည့်သည်များ ထောင်သောင်းချီ၍လာရောက်ကြသဖြင့် အလွန်စည်ကားသည့် ဘုရားပွဲတော်တစ်ခုဖြစ်သည်။

ဓာတ်ပုံ - လူမှုကွန်ရက်

 

 

ဆက်စပ် သတင်းများ