ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ကျားနက်ကန်တွင် ရှေးဟောင်းဆင်းတုတော်တစ်ဆူ တူးဖော်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k

နိရဥ္စရာ ၊ မေ ၁၄ / ၂၀၂၂
ရခိုင်ပြည်နယ်မှ ရှေးဟောင်းယဉ်ကျေးနယ်မြေတစ်ခုဖြစ်သော ကျောက်တော် မြို့နယ် မဟာမုနိဘုရားတည်ရှိရာအနီးဝန်းကျင်ရှိ ကျားနက်ကန်ကျေးရွာ သီးနှံစိုက်ခင်းတစ်ခုမှ ရှေးခေတ်လက်ရာ ကျောက်ဆင်းတု ဘုရားတပါး တူးဖော်တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။
၎င်းရှေးဟောင်း ဘုရားအား ကျားနက်ကန်ရွာမှတစ်မိုင်ခန့် ကွာဝေးသော ဟင်းခြံတွင် မေ ၁၃ ရက်နေ့ နေ့လယ် ၁၂နာရီကျော်လောက်က အပင်စိုက်ရန် မြေတူးရာမှ တူးဖော်တွေ့ရှိခဲ့သည်ဟု ကျားနက်ကန် ဆရာတော်က နိရဉ္စရာ သတင်းဌာနကို မိန့်ကြားသည်။
" သူတို့စိုက်ထားတဲ့ဟင်းခြံမှာ သူ့ဇနီးက အပင်စိုက်မယ်ဆိုပြီး မြေတူးတာကနေ တွေ့တာ။ ဒီလိုမျိုးတွေ့တော့ ဆရာတော်အနေနဲ့ သွားရောက်တဲ့အခါမှာ ကျောက်ဆင်းထုတော် တစ်ဆူတွေ့ပါတယ်။ ဘယ်ခေတ် လက်ရာလည်း ဓညဝတီခေတ်လက်ရာဖြစ်တယ် ခန့်မှန်းမိပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါဘုရားဆင်းထုတော်မှာ ဉာဏ်တော် ၅ပေခန့်ရှိပြီးရှေးဟောင်း အမွေအနှစ်ဖြစ်သဖြင့်စနစ်ကျထိန်းသိမ်းစောင့်ရှောက်သင့်သည်ဟု ပြောသည်။
“ စနစ်တကျထိန်းသိမ်းကိုးကွယ်ဖို့ စီစဉ်ထားတယ်။ ရွာသားတွေအနေနဲ့ ရွာမှာ ကိုးကွယ်သွားမှာပါ။ ရှေးသုတွေကိုလည်း ဘယ်ခေတ်လက်ရာဖြစ်တယ်ဆိုတာ လာကြည့်စေပါတယ်။ အများသူငှာ ဖူးမျှော်နိုင်အောင်တော့ စီစဉ်ကြရမှာပေါ့" ဟုမိန့်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရှေးသုဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကို ဆက်သွယ်ရာ ၎င်းသတင်း မရရှိသေးကြောင်း၊ သတင်းမှန်ကန်ပါက သွားရောက်စစ်ဆေးမည်ဟု ပြောသည်။
" ကျနော်တို့ဆီသတင်းမရောက်သေးဘူး။ စုံစမ်းပြီးလို့သတင်းမှန်ရင်တော့ စစ်ဆေးဖို့ လွတ်မှာပါ" ဟုပြောသည်။
ရခိုင်မှ မြောက်ဦး၊ ကျောက်တော်မြို့နယ်များသည် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းတွင် တည်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို မကြာခဏတူးဖော်တွေ့ရှိကြောင်း သိရှိရသည်။ (NN 9)
Photo by Than Lwin (Arakan Blood Donor)

ဆက်စပ် သတင်းများ