အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

စစ်တွေမှ အကြီးဆုံးစေတီတစ်ဆူဖြစ်သည့် လောကာနန္ဒာစေတီတော်မြတ်၏ ရင်ပြင်ရှိ ကြွေပြားများပျက်စီးနေသော်လည်း မပြုပြင်နိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

နိရဥ္စရာ၊ မေ ၂၉/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အကြီးဆုံးစေတီတစ်ဆူဖြစ်သည့် လောကာနန္ဒာစေတီတော်မြတ်၏ ရင်ပြင်ပေါ်တွင် ခင်းထားသည့် ကြွေပြားများမှာ ပျက်စီးယိုယွင်းနေသော်လည်း ပြန်လည်မပြုပြင်နိုင်သေးဟု ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါကြွေပြားများပျက်စီးနေသည့်နေရာများမှာ စေတီတော်ရင်ပြင်၏ အရှေ့ဘက်၊ အနောက်ဘက်၊ အရှေ့တောင်ဘက်၊ အနောက်တောင်ဘက်၊ ရင်ပြင်အလယ်ဗဟိုများနှင့် ဘေးနံရံများဖြစ်ကြသည်။
လက်ရှိတွင် စေတီတော်မြတ်ကိုပြုပြင်နေဆဲဖြစ်သည့်အတွက် ၎င်းကြွေပြားများကို အသစ်ပြုပြင်ရန် နောက်ဆုတ်ထားရသည်ဟု လောကာနန္ဒာစေတီတော်မြတ်၏ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးမောင်ငွေဖြူက ပြောသည်။
“ကျွန်တော်တို့ကအခုဆိုရင် စေတီတော်ကိုပြုပြင်နေလို့မပြီးသေးဘူး။ ကြွေပြားတွေပျက်စီးနေတာကိုတော့ စေတီပြုပြင်လို့ပြီးမှပဲ အသစ်ထည့်ဖို့လုပ်သွားမယ်။ အခုက စေတီရဲ့စိန်ဖူးတော်ကိုလည်း မတင်နိုင်သေးဘူး။ ပြီးတော့ ပြုပြင်နေတာ ဘယ်အချိန်ပြီးမလဲဆိုတာကို တိတိကျကျမပြောနိုင်သေးဘူး”ဟု ဆိုသည်။
အဆိုပါစေတီတော်မြတ်ကို ၂၀၁၈ ခုနှစ်မှစတင်ကာ ပြုပြင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။ ယခုပြုပြင်နေမှုကို ကျပ်သိန်းပေါင်း ၃ သောင်းကျော်အကုန်ကျခံ၍ပြုပြင်နေခြင်းလည်း ဖြစ်သည်။
လောကာနန္ဒာစေတီတော်မြတ်ကြီးသည် စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်တွင်တည်ရှိပြီး စေတီ၏အမြင့်မှာ ၁၆၂ ပေ ရှိသည်။ အရံစေတီ ၈ ဆူနှင့် ရင်ပြင်အကျယ်အဝန်းမှာ ၄၅၉ ပေရှိသည်။ စေတီ၏သက်တမ်းမှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။
၎င်းစေတီကို ၁၉၉၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေက တည်ထားကိုကွယ်ခဲ့ခြင်းဖြစ်သည်။ (NN-11)

ဆက်စပ် သတင်းများ