ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

၅ နှစ်ခန့်ကြာ မတည်ဆောက်မဘဲ ရပ်တန့်ထားရသည့် မင်းပြားမြို့တည် နှစ် (၁၅၀) ပြည့်စေတီတော်ကို ဆက်လက်တည်ဆောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 773

နိရဥ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ၅ နှစ်ခန့်ကြာ တည်ဆောက်မှုရပ်တန့်ထားခဲ့ရသည့် မြို့တည် နှစ် (၁၅၀) ပြည့်စေတီတော်ကို မနက်ဖြန်တွင် ဆက်လက်တည်ဆောက်သွားမည်ဟု သိရသည်။
မင်းပြားမြို့တည် နှစ်(၁၅ဝ)ပြည့်စေတီတော်ကို ၂ဝ၁၈ ခုနှစ်၊ ဧပြီလက စတင်တည်ဆောက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်ပိုင်းတစ်စဖြင့် ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြို့ပေါ်မှ မြို့မိမြို့ဖများနှင့် စေတနာရှင်အလှူရှင်များ၏လှူဒါန်းငွေများဖြင့် မနက်ဖြန် ဇူလိုင်လ ၂၁ ရက်မှစတင်ကာ ပြန်လည်တည်ထားပူဇော်သွားမည်ဟု စေတီတော်ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးစိုးမင်းက နိရဥ္စရာကိုပြောသည်။
"စေတီတော်မှာ ဌာပနာ ၃ ကြိမ်ချရပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အောက်ဌာပနာအဝိုင်းပထမအဆင်းနဲ့ပဲရပ်တန့်ထားခဲ့ရတယ်။ အခုတော့ မနက်ဖြန်ကစလို့ ပြန်တည်ဆောက်ဖို့ ကျနော်တို့ အားလုံး ပြင်ဆင်ထားပြီးပါပြီ" ဟု ပြောသည်။
အဆိုပါစေတီတော်ကို မင်းပြားမြို့ရှိ ဦးဥတ္တမပန်းခြံတွင် တည်ထားပူဇော်နေခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ ပေ ၂၀ နှင့် ၆ လက်မ ရှိသည်ဟု သိရသည်။
စေတီတော်၏ပတ်ပတ်လည်တွင် မုခ်ဝ ၈ ခုပါရှိပြီး ထိုမုခ်ဝတစ်ခုစီတွင် ရခိုင်ရှေ့ဟောင်းပုံစံကဲ့သို့ စကျင်ကျောက်ဖြင့်ပြုလုပ်ထားသော ဘုရားဆင်းတုတော် ၈ ဆူကိုလည်း တည်ထားကိုးကွယ်မည်ဟု ဦးစိုးမင်းက ဆက်ပြောသည်။
"စေတီတော်အပြီးအစီးထိဆိုရင်တော ကုန်ကျစရိတ် သိန်း ၁၅၀ လောက်တွက်ချက်ထားပါတယ်။ အခုလက်ရှိရပ်မိရပ်ဖများနဲ့ စေတနာရှင်များအလှူငွေက ကျပ်သိန်း ၆၀ လောက် အလှူတွေရထားပါတယ်။ စေတီတော်ရဲ့အဝင်လမ်း၊ တံခါးပေါက်၊ ဘုရားနှင့်ဆက်စပ်ပတ်သက်တဲ့ ပစ္စည်းများအတွက် ကျပ်သိန်း ၉၀ လောက် လိုအပ်နေတာပေါ့"ဟု ပြောသည်။
ဗုဒ္ဓဘာသာဝင်ကိုအထွဋ်အမြတ်ထား၍ အလေးအနက်ထားသည့်အတွက် မြို့၏ဂုဏ်သိက္ခာမကျဆင်းရန် ဆက်ပြီးတည်ဆောက်ကိုးကွယ်မည်ဖြစ်ကာ စေတနာရှင်ဗုဒ္ဓဘာသာဝင်များလည်း ဝိုင်းဝန်းကူညီခြင်းဖြင့် အလှူငွေထည့်လှူနိုင်သည်ဟုလည်း သိရသည်။
မင်းပြားမြို့ကို ၁၈၆၇ ခုနှစ်၊ မတ်လတွင် စတင်တည်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် နှစ်ပေါင်း (၁၅ဝ)ပြည့်မြောက်ခဲ့သည့်အတွက် အဆိုပါစေတီကို စတင်တည်ထားခဲ့ခြင်းဖြစ်သည်။
မင်းပြားမြို့ရှိ ဦးဥတ္တမပန်းခြံတွင် လွန်ခဲ့သည့် နှစ် ၅၀ ခန့်ကလည်း မြို့တည် နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်စေတီတော်တစ်ဆူကို တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။ (NN-13)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ