ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မင်းပြားမြို့တွင်မယ်သီလရှင်အပါး ၇၀ ကို ပထမဆုံးအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ ၊ စက်တင်ဘာ /၂၀၂၂

ရခိုင်ပြည် မင်းပြားမြို့ရှိ မယ်သီလရှင်အပါး ၇၀ ကို စက်တင်ဘာလ ၈ ရက် (တော်သလင်းလပြည့်နေ့ မတိုင်မီ အဖိတ်နေ့ ) မွန်းလွဲ ၃ နာရီအချိန်တွင ပထမအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့သည်ဟု တင်းရရှိသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပသည့် ဦးဆောင်ကော်မတီဝင်များကိုယ်စား ဦးစောဘချိုက ရခိုင်ပြည်နယ်ထဲမှာ ကြားသိရသလောက်ကတော စစ်တွေမြို့မှာ သီလရှင်တွေကို သီးသန့် ဒီလို ဆွမ်းဆန်စိမ်လှူဖူးတယ်လို့ကြားဖူးပါတယ်။ ဦးလေးတို့မင်းပြားမြို့မှာတော့ ဒီလိုမျိုးသီးသန့် သီလရှင်တွေကို လုပ်ပေးခဲ့တာမရှိဘူး။ ဒီတစ်ကြိမ်ကတော့ ပထမဆုံးအကြိမ်ပါ။  ဗုဒ္ဓဘာသာထဲမှာ တရားဘ၀နာကျင့်ကြံနေတဲ့ မယ်သီလရှင်တွေကို မြေတောင်မြှောက်ပေးချင်တဲ့ နေနဲ့ ဆွမ်းဆန်စိမ်း အလှူ ပြုလုပ်ရခြင်းဖြစ်ပါတယ် " ဟုပြောသည်။

သီလရှင်အများစုသည် ဝါတွင်းကာ အဖိတ်နေ့ကျရောက်တိုင်း မြို့ထဲရွာထဲရှိ နေအိမ်များသို့ သွားရောက်ကာ ပင်ပင်ပန်းပန်း ဆွမ်းစိမ်းများခံယူကာ စားဝတ်နေရေးကို ဖြေရှင်းကြရသဖြင့် ယခုဆွမ်းစိမ်းလောင်းပွဲက သူတို့၏ တစ်စုံတစ်ရာလစ်ဟာနေသည့် ကွက်လပ်ကို ဖြည့်ဆည်း ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။  

ခုလို မင်းပြားမြို့မှာ ဗုဒ္ဓဘာသာထဲတွေက မေသီလရှင်တွေကို ဆွမ်းဆန်စိမ်းလှူပွဲ ဖြစ်မြောက်အောင် ပြုလုပ်ရတဲ့ အတွက်ကြောင့် ဝမ်းသာပီတိဖြစ်ရပါတယ်။ မြို့သူမြို့သားတွေလည်း ကုသိုလ် ကောင်းမှုတွေလုပ်ရတဲ့ အတွက် ဝမ်းသာပါတယ်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မယ်သီလရှင်များအား မင်းပြားမြို့ဒေသခံများက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့မှုအပေါ် အလွန်တရာမှ ကျေးဇူးတင်ဝမ်းမြောက်ရကြောင်း ဆွမ်းဆန်စိမ်းအလှူခံရာတွင်ပါဝင်သည့် မယ်သီလရှင်  ဒေါ်ယုစန္ဒာက နိရဉ္စရာသတင်းဌာနကို မိန့်ကြားသည်။

" သာသနာဆိုတာက ဒကာ၊ဒကာမတွေအနေဖြင့် ဗုဒ္ဓမြတ်စော်ဘုရား ပရိတ်နိဗ္ဗာန်ပြုပြီးမှ ရဟန်း သံဃာတွေကိုအကြောင်းပြုပြီးတော ထောက်ပံ့လှူဒါန်းတဲ့အတွက်ကြောင့် သာသနာက အခုထိတည်တံ့ခိုင်မြဲနေတာပါ။ အဲ့ကြောင့် ဗုဒ္ဓဘာသာထဲက သာသနာ့အကျိုးသယ်ပိုးနေတဲ့ မယ်သီလရှင်တွေကိုလည်း မင်းပြားမြို့မှာရှိနေတဲ့ ဒကာ၊ ဒကာမတွေ အခုလို ဝိုင်းဝန်းပြီး ဆွမ်းဆန်စိမ်း လှူဒါန်တဲ့အတွက်ကြောင့် အလွန်တရာမှ ကျေဇူးတင် ဝမ်းမြောက်မိပါတယ်" ဟုပြောသည်။

နောက်ထပ်လည်း သာသနာအဓွန့်ရှည်တည်တံ့ရေးနှင့် ပြန့်ပွားရေးအတွက် ဤထက်မက ကုသိုလ်ဒါန ပြုနိုင်ကြပါစေဟု ဆုတောင်းပေးလိုကြောင်း၊ ဤသို့ လှူဒါန်းခြင်းသည် ဘုရားရှင်၏ ကျေးဇူးကို ဆပ်ရာရောက်မည်ဖြစ်သလို သံဃာတော်များကိုလည်းကျေးဇူးဆပ်ရာရောက်မည် ဖြစ်သည်ဟုလည်း မေသီလရှင် ဒေါ်ယုစန္ဒာက ဆက်မိန့်ကြား ပြောဆိုသည်။

မင်းပြားမြို့တွင် ပထမအကြိမ်မယ်သီလရှင်များကို ဆွမ်းဆန်စိမ်းလောင်းလှူရတဲ့အတွက် ပီတိဖြစ်ရပြီး၊ ရှေ့ဆက်ပြီးလှူဒါန်းဖို့ စိတ်ထဲမှာခံယူထားပါကြောင်း မင်းပြားမြို့ရှိအလှူရှင်တစ်ဦးဖြစ်သူ ဒေါ်ခင်မာအေးက နိရဉ္စရာကိုပြောသည်။

" အခုလို လှူဒါန်းရခြင်းအားဖြင့် အမျိုးသမီးသီလရှင်များဟာ နောက်နောင် သီလရှင် (ဆရာလေး)တွေရဲ့ ဂုဏ်တွေကိုပေါ်လွင်အောင် အသိအမှတ်ပြုတဲ့အနေနဲ့ပေါ့။ ပြီးရင် မယ်သီလရှင် (ဆရာလေး)တွေရဲ့ အမှန်တကယ်လိုအပ်ချက်တွေကို လှူရတဲ့အတွက် သီလရှင်တွေကိုကြည့်ပြီး အားရဝမ်းသာပီတ ဖြစ်ရပါတယ်" ဟုပြောသည်။

အဆိုပါမယ်သီလရှင်အပါး ၇၀ ကို  စက်တင်ဘာ ၈ ရက်တွင် မြို့တည်နှစ် ၁၅၀ စေတီတော်ရင်ပြင်၌ နေ့လယ် ၂ နာရီခွဲတွင်စုဝေးပြီး ၃ နာရီတွင် စွန်ရဲလမ်း၊ ရုံးတက်လမ်း၊ ကမ်းနားလမ်း၊ မိသားစု ထမင်းဆိုင်အနီးမှ အောင်သစ္စာလမ်း၊ နွေရိပ်လဘက်ရည်ဆိုင်ရှေ့မှ မြောင်းဘွေလမ်း၊ ရွှေနန်းအိမ်ရွှေဆိုင်အနီးမှ ကျောင်းတက်လမ်း၊ ဦးကျော်ဦးလမ်းတလျှောက်၊ ထိုမှတဆင့် နှစ် ၁၅၀ စေတီတော်သို့ လမ်းလျှောက်ကာ ဆွမ်းဆန်စိမ်း အလှူခံခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

နောက်နှစ်များတွင်လည်း သီလရှင်များအား ဆွမ်းစိမ်းလောင်းလှူခြင်းကို အစဉ်အလာတစ်ခု ဖြစ်လာအောင် ဆက်လက်ကျင်းပသွားမည်ဟု သိရသည်။

ဆက်စပ် သတင်းများ