တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

(၃) နှစ်ကြာရပ်နားထားခဲ့ရသည့် မဟာမုနိဘုရားဗုဒ္ဓပူဇနိယပွဲတော်ယခုနှစ်စည်ကားသိုက်မြိုက်စွာကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 10k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁ / ၂၀၂၃

ကိုဗစ်နှင့် စစ်ရေးအခြေအနေများကြောင့် (၃) နှစ်တာ ရပ်နားခဲ့ရသည့် ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင်မဟာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ၅ ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ယခုနှစ်ကျရောက်မည့် (၃၀)ကြိမ်မြောက် မဟာမုနိ ဘုရားပွဲတော်ကို လာမည့် မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့ အထိ ၅ ရက်၊ ၅ ည တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊  နေ့ဘက်တွင် ရခိုင်ရိုးရာကျင်ပွဲများ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပြီး၊ ညဘက်တွင် ဇာတ်သဘင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မဟာမုနိဘုရားမှ ဂေါပက လူကြီးတစ်ဦးက နိရဉ္စရာကို ပြောသည်။


ဆရာတော်ကြီး ၆၉ ပါးကနေ  တပေါင်းလဆန်း ၁၂ ရက်နေ့ ကနေ့ တပေါင်းလပြည့်နေ့အထိ ပဌာန်းရွတ်ပွဲ ပူဇော်မယ်။ မသိုးသင်္ကန်းရက် ပြိုင်ပွဲကို တပေါင်းလဆန်း ၁၄ ရက်နေ့ ည ၇နာရီမှာ ပြုလုပ်မယ်။ တပေါင်းလပြည့် ၁၅ ရက်နေ့  မနက် ၅နာရီမှာ မသိုးသင်္ကန်း ကို မဟာမြတ်မုနိ အရှင်ဘုရားအား ကပ်လှူပါမယ်။ ကျင်ပွဲက နေ့လည် ၂ နာရီလောက်မှ စပြီး ကျင်းပပါမယ်။ ညဘက်မှာ အောင်ပွဲဇံဇာတ်က ၂ ရက် ၊ အာရက္ခမဏ္ဍိုင်ဇာတ်က ၃ ရက် ကျင်းပသွားပါမယ်။ လုံခြုံရေးအရ စိတ်ချရဖို့ အတွက် အဆင်ပြေအောင် နှစ်ဘက်ညှိနှိုင်းလို့ အားလုံးလုပ်ထားတာပါ။ လက်ရှိ စစ်ကောင်စီကလည်း ခွင့်ပြုချက်ရတယ်ဟုပြောသည်။

ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ အကြိမ် (၃၀) ရှိပြီဖြစ်၍ ၂၀၂၀ ခုနှစ်က စတင်ပြီး၊ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် ရပ်နားထားခဲ့ရသည်မှာ ၃ နှစ် ရှိခဲ့သည်ဟု ဆိုသည်။

 

ယခုနှစ်တွင် တစ်ဖန်ပြန်၍ ကျင်းပရခြင်းမှာ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကို ရပ်နီးရပ်ဝေးကလူများ ဘုရားပွဲတော်ကာလ ဖူးမျှော်ကန်တော့နိုင်ရန်နှင့်  ရှေးအစဉ်အလာအတိုင်း  ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ည်ရွယ်ပြီးကျင်းပရခြင်းဖြစ်သည် ဟု ၎င်းဂေါပကလူကြီးက ဆက်လက်ပြောဆိုသည်။


နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပလာတာဖြစ်တယ်။ ၂၀၂၀ ခုနှစ်ကနေ တိုင်းပြည်ကာလ အခြေအနေမကောင်းတဲ့ အတွက်ကြောင့် ရပ်ထားရတယ်။ အခု  ၂၀၂၃ ခုနှစ်မှာ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ အများပြည်သူတွေ ပွဲတော်ကာလ ဘုရားဖူးမျှော်နိုင်အောင်ရယ်။ ပီးတော့ ပြည်သူတွေကလည်း အသံထွက်လာတယ်။ သံဃာတော်များ၊ ဌာနဆိုင်ရာတွေ အပါအဝင် ကျင်းပစေချင်ကြတယ်။ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အနေနဲ့ ပွဲတော်ကို ကျင်းပရခြင်း ဖြစ်ပါတယ်။ ဩဝါဒဆရာတော်ကြီးတို့ မြို့နယ် သံဃာနာယက ဆရာတော်ကြီးများရဲ့ ဩဝါဒအတိုင်း၊ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာပါ ဟုပြောသည်။

မဟာမုနိရုပ်ပွားတော်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ သမိုင်းဝင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။  ၎င်းကုန်းတော်ပေါ်တွင် စံပ္ပါယ်ကိန်းဝန်တော်မူသည့် မဟာမြတ်မုနိရုပ်ပွားတော်ကို အေဒီ ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို ဗမာဘုရင် ဘိုးတော်ဘုရား သိမ်းပိုက်ပြီးနောက် မန္တလေး အမရပူရသို့ ယူဆောင်သွားခဲ့သည်။ ၎င်းနောက် ယခု လက်ရှိ ဟာမုနိဘုရားကို ရခိုင်ပြည်သူများ အစားထိုး ကိုးကွယ်ထားသည့် တန်ခိုးကြီးမဟာမုနိ ရုပ်ပွားတော်ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

မဟာမြတ်မုနိရုပ်ပွားတော်သည် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က သွန်းလုပ်ခဲ့သည့်  စစ်မှန်သေဗုဒ္ဓ၏ကိုယ်ပွားတော်ဖြစ် ရခိုင်လူမျိုးများက ယုံကြည်ကြသည်။ (NN-13)

ဆက်စပ် သတင်းများ