ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မိုးကြိုးထိမှန်ပျက်စီးသွားသော တောင်ညိုဘုရား ပြန်လည်ပြုပြင်ရန် လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 1.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ်၂၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာ၊ ရှေးဟောင်း အောင်မင်္ဂလာ စေတီအား သြဂုတ်လ၂၃ ရက်နေ့က မိုးကြိုးထိမှန်ပြီး သံထီးတော်နှင့် အထက်ဌာပနာတိုက် တစ်ခုလုံး ပျက်စီးသွားခဲ့သဖြင့် အမြန်ပြန်လည်ပြု ပြင်ရန်လိုအပ်နေသည်ဟု သတင်းရရှိသည်။

"အဲဒီနေ့က မိုးတွေရွာပြီး လေတွေတိုက်တယ်။ မနက် ၁ဝ နာရီလောက်မှာ စေတီကို မိုးကြိုးထိသွားပြီး စေတီ သံထီးတော်နဲ့ အထက်ဌာပနာတိုက် တစ်ခုလုံး ပြိုကျသွားတာပါ။ ပြန်ပြုပြင်ဖို့ လိုအပ်နေတာပေါ့။ အခုက ရခိုင်မှာ စစ်ကြောင့် ထိခိုက်မှု၊ လိုအပ်မှုတွေရှိနေတော့ ဘုရားပြင်ဖို့အလှူ ခံထွက်ဖို့ခက်ခဲနေတယ်"ဟု အောင်မင်္ဂလာဘုရားဂေါပက  ဦးမောင်လှဖြူ ကပြောသည်။

မိုးကြိုးပစ် ပျက်စီးခဲ့ရသည့် တောင်ညိုကျေးရွာမှ အောင်မင်္ဂလာစေတီအား အမြန်ပြုပြင်ရန် အလှူငွေလိုအပ်နေကြောင်း တောင်ညို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

"ကျွန်တော်တို့ရွာကနေပြီး ပေါက်တောမြို့နယ်အုပ်ချူပ်ရေးမှူးကို အကြောင်းကြားထားပါတယ်။ သူတို့ဘက်က တော့ အကြောင်းတစုံတရာ ပြန်မပြောသေးပါဘူး။ ဘုရားစေတီဆိုတာ ပျက်စီးတာကို ဒီတိုင်း ထားတာတော့ မကောင်းဘူးပေါ့။ အမြန် ပြန်ပြုပြင်နိုင်ဖို့ လိုပါတယ်"ဟု အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောဆိုသည်။ 

အဆိုပါစေတီအား မိုးကြိုးထိမှန်မှုကြောင့် သံထီးတော်မှစတင်ကာ အမြင့် ၆ ပေခန့် ပြိုကျပျက်စီးသွားခြင်းဖြစ်ပြီး ပြန်လည်ပြုပြင်မည်ဆိုလျှင် သိန်း ၃ဝ ကျော်ခန့်ကုန်ကျမည်ဟု သိရသည်။

အဆိုပါ စေတီတော်သည် ရှေးဟောင်း စေတီတစ်ဆူ ဖြစ်ပြီး စေတီဟောင်းနေရာတွင် ၂ဝ၁၃ ခုနှစ်က ပေါက်တောမြို့နယ် သင်းကျစ်တောင်ဆရာတော်မှ ပြန်လည် မွန်းမံတည်ထားခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ