သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဘုန်းလျှံ သာသနာ့ဘောင်သို့ ခေတ္တဝင်ရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 5.8k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေ ၆/ ၂ဝ၂ဝ

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဘုန်းလျှံသည် ယနေ့ ကဆုန်လပြည့်နေ့တွင် သာသနာ့ဘောင်အတွင်းသို့ ခေတ္တဝင်ရောက်သွားကြောင်း သိရသည်။

ဘုန်းလျှံသည် ကွယ်လွန်သွားပြီဖြစ်သည့် မိခင်ဖြစ်သူအား ရည်စူးကာ ယနေ့ မေလ ၆ ရက်နေ့ (ကဆုန်လပြည့်နေ့)တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်း၌ ဦးတေဇောသာရ ဘွဲ့အမည်ဖြင့် ၁၁ ရက်ခန့်အကြာ ရဟန်းဝတ်သွားမည်ဟု သိရသည်။

သရုပ်ဆောင် ဘုန်းလျှံ (ခ) ဦးတေဇောသာရ က “အမေအတွက်ရော၊ ထောင်ကလည်း ထွက်လာတဲ့ အခြေနေအတွက်ရော၊ အကုသိုလ်တွေ ကျေအောင်အတွက်ပေါ့နော်။ အကုသိုလ်တွေကို ပေးဆပ်ပြီး ကောင်းမှုကုသိုလ်ကို လုပ်တာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ဘုရားရိပ်မှာ ခေတ္တခိုလှုံတာပါ”ဟု နိရဥ္စရာသို့ မိန့်ကြားသည်။

ဘုန်းလျှံသည် ၂ဝ၁၃ ခုနှစ်၊ ဇွန်လအတွင်းက မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ချခံခဲ့ရပြီး ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ သူ အကျဉ်းကျခံနေရစဉ် သူ၏မိခင် ကွယ်လွန်သွားခဲ့သည်ဟုလည်း သိရသည်။

အလိုတော်ပြည့်ကျောင်းမှ ဦးကုမာရက “သူ့အမေလည်း သူအကျဉ်းကျ နေခဲ့တုန်းက အဲဒီ စိတ္တဇနဲ့ပဲ ဆုံးသွားခဲ့တယ်လေ။ အဲဒါကြောင့် ဒီနေ့ ကဆုန်လပြည့်နေ့ဖြစ်တဲ့ ရက်ကြီးရက်မြတ်နေ့မှာ အထိမ်းအမှတ်လည်းဖြစ်အောင်၊ သူ့အမေကိုလည်း ရည်စူးပြီး သူက ရှင်ရဟန်းဝတ်မယ်ပြောလို့ ဦးဇင်းတု့ိကျောင်းမှာ ရှင်ရဟန်းခံခဲ့ပါတယ်။” ဟု နိရဥ္စရာသို့ မိန့်သည်။

ဘုန်းလျှံ ရဟန်းဘောင်သို့ ဝင်ရာသို့ သရုပ်ဆောင် ခန့်စည်သူနှင့် အဆိုတော် ညီမင်းခိုင်တို့လည်း လာရောက်ခဲ့ကြသည်။

ဘုန်းလျှံသည် ရဟန်းဘောင်မှ ထွက်လျှင် အနုပညာအလုပ်ကို ဆက်လုပ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း စစ်ဘေးရှောင်များအား တတ်နိုင်သည့်ဘက်မှလည်း ကူညီစောင့်ရှောက် ပေးသွားမည်ဟု ဘုန်းလျှံ (ခ) ဦးတေဇောသာရ က မိန့်သည်။

ဘုန်းလျှံသည် ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှ ဦးလှမောင်သိန်းနှင့် ဒေါ်နုနုခင် (ကွယ်လွန်) တို့၏သားဖြစ်ပြီး ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားအများအပြားတွင် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။

---------------------

Unicode:



နိရဉ်စရာ၊ မေ ၆/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ