ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စောမဲကျီဆိပ်ကမ်းမှသမိုင်းဝင်ဆံတော်ရှင်ဘုရားထိ လူသွားလမ်းကို သန်းနိုင်မိသားစုကုမ္ပဏီနှင့်ဝန်ထမ်းများက အဆင့်မြင့်တင်ဖောက်လုပ်ပြီး ဒါနပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ၂ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်ရှိ တန်ခိုးကြီးစေတီတော်မြတ်ကြီး တစ်ဆူဖြစ်သည့် ဆံတော်ရှင်ဘုရားသို့ သွားသည့် လမ်းကို အများပြည်သူ ဘုရားဖူးများ သက်တောင့်သက်သာ သွားလာနိုင်ရန် ရည်ရွယ်ပြီး သန်းနိုင်နှင့်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဝန်ထမ်းမိသားစုများက စုပေါင်းဖောက်လုပ်နေကြောင်း သတင်းရရှိသည်။

၎င်းလမ်းကို နိုဝင်ဘာ ၁၈ ရက်နေ့မှ စောမဲကျီဆိပ်ကမ်း တောင်ခြေရင်းက စတင်ပြီး ဖောက်လုပ်နေပြီဟု သိရသည်။

ကုမ္ပဏီပိုင်ရှင် ဦးသန်းနိုင်က “ ဆံတော်ရှင်ဘုရားက ရခိုင်ပြည်မှာ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားဖူးတွေအနေနဲ့ ခက်ခက်ခဲခဲသွားလာပြီး ဘုရားဖူးနေကြရတယ်။ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးကြီးတွေ  ဘုရားဖူးချင်ပေမယ့် တောင်တွေမတ်စောက်ပြီး ချိုင့်ဝှမ်းတွေရှိနေတဲ့အတွက် ဘုရားဖူးချင်ပေမယ့် မသွားနိုင်တော့ ဘုရားမဖူးရပဲ ဖြစ်နေကြရပါတယ်။ ဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်စေဖို့ ရည်ရွယ်ပြီး ကျွန်တော် ကုမ္ပဏီနဲ့ ဝန်ထမ်းတွေက စေတနာတရားထက်သန်စွာနဲ့ လုပ်အားဒါနပြုကာ ဒီလမ်းကို ဖောက်လုပ်နေတာဖြစ်ပါတယ်။ ပထမအဆင့် မတ်စောက်နေတဲ့ တောင်တွေကို ဖြိုချပြီး ကား၊ သုံးဘီး၊ ဆိုင်ကယ် သွားလာလို့ ရနိုင်အောင်ထိ ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

လမ်းဖောက်လုပ်ရာတွင် အတက်လမ်းတစ်လျှောက် ကျောက်တောင်များဖြစ်နေသဖြင့် ကျောက်ခွဲစက်ကြီး များဖြင့် ဖြိုခွဲကာ ခက်ခက်ခဲခဲ ဖောက်လုပ်နေရကြောင်း၊ မည်သို့ပင် ခက်ခဲစေကာမှု ဆံတော်ရှင် တောင်ခြေရင်း အထိ အရောက်ဖောက်သွားမည်ဖြစ်ကြောင်း၊ လမ်းဖောက်လုပ် ကုန်ကျစရိတ် သိန်း တစ်ထောင်ခန့် ကုန်ကျနိုင်ကြောင်း၊ သို့သော်လည်း ၎င်းကုန်ကျစရိတ်မှာ ကုမ္ပဏီပိုင်မြေတူးစက်ကြီး များဖြင့် ဖောက်လုပ်နေသလို ကုမ္ပဏီဝန်များမှလည်း လုပ်အားဒါန ပါဝင်လှူဒါန်းထားသဖြင့် အဆင်ပြေသွားမည် ဖြစ်ကြောင်း၊ ကုန်ကျမည့် စက်သုံးဆီဖိုးကိုလည်း စေတနာရှင် မိတ်ဆွေအပေါင်းအသင်းများက ဝိုင်းဝန်း ကူညီနေကြကြောင်း၊ နတ်တော်လပြည့် ဆံတော်ရှင်ပွဲ မစမီ လမ်းကို ပြီးစီးအောင် ဖောက်လုပ်သွားမည်ဟု ဦးဦးသန်းနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

ပေါက်တောမြို့နယ် မြေငူကျွန်းပေါ်တွင် တည်ရှိသည့် ဆံတော်ရှင် ဘုရားပွဲတော်ကို နှစ်စဉ်ပွဲတော်ကို နတ်တော်လဆန်းမှ လပြည့်ကျော် တစ်ရက်နေ့ထိ အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး ရခိုင်ပြည်နယ် တစ်ဝန်းလုံးက စက်လှေများ၊ မော်တော်ဘုတ်များဖြင့် ဘုရားဖူးလာကြသည်သာမက စစ်တွေမြို့မှ သင်္ဘောများ၊ အမြန်ရေယာဉ်များဖြင့်လည်း ဘုရားပွဲတော် ကာလအတွင်း ပြေးဆွဲ ပေးကြောင်းသိရသည်။

ဘုရားဖူးလာသူများ အနေဖြင့် စောမဲကျီဆိပ်ကမ်းမှ ဘုရားသို့ ရောက်ရန် တောင် (၉) လုံးကို ဖြတ်သန်းပြီး ၂ နာရီကျော်ခန့် ခြေကျင်သွားလာကြရသည်ဟု သိရသည်။  

“ ဆံတော်ရှင်စေတီတော်က ဘုရားရှင်ရဲ့ ဆံတော်ကို ဌာပနာပြုလုပ်ပြီးတည်ထားသလို ပင်လယ်ရေပြင်တွေ ပတ်ပတ်လည်ဝိုင်းနေတဲ့ မြေငူကျွန်း (ဆံတော်ရှင်ကျွန်း) တောင်ဘက်မှာ တည်ရှိတာကြောင့် အထူးသပ္ပါယ်ပြီး ဘုရားဖူးလာသမျှကို အထူးစိတ်ကြည်နူးခံစားမှုကိုရရှိစေတဲ့ စေတီတော်တစ်ဆူလည်း ဖြစ်ပါတယ်။ ဒီလောက် နာမည်ကြီးတဲ့ ရခိုင်ပြည်က ဆံတော်ရှင်ဘုရားကို သွားတဲ့လမ်းက အခုထက်ထိ ဘုရားဖူးတွေ ခက်ခက်ခဲခဲ သွားလာ နေကြရတော့ ကျွန်တော်အနေနဲ့ ဒီလမ်းကို ရအောင်ဖောက်မယ်ဆိုတဲ့ စိတ်သဒ္ဒါ ထက်သန် လာတဲ့အတွက် ဘုရားဖူးတွေ၊ နောင်သွားနောင်လာတွေ ဘုရားဖူးတဲ့အခါ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ကုသိုလ်ပြုရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆံတော်ရှင် စေတီသည် ရခိုင်မွေသရီရဓါတ်တို့တွင် အဓိကရဖြစ်ပြီး သေလာဂီရိဗျာဒိတ်ဝင် တစ်ဆူဖြစ်သည်။ မြေငူကျွန်း၏ တောင်ဘက်ပိုင်း အနောက်ကမ်းခြေရှိ နီလပဗ္ဗတတောင်ပေါ်တွင် တည်ရှိသည်။ ယခု ဉာဏ်တော်ပေ ၇ဝ ရှိပြီး ထုချွန်ပုံ လုံးပိတ်စေတီ ဖြစ်သည်။  ဗုဒ္ဓသျှင်တော်သည် သေလာဂီရိတောင်ပေါ်၌ ခေတ္တရပ်နားစဉ် ဇေဋ္ဌတိုင်းမှ နာဂသေနာပတိနှင့် ရှစ်ဦးတို့က ဆွမ်းလုပ် ကျွေးရာ ဆံတော်လေးဆူ ရခဲ့၍ နီလာပဗ္ဗတတောင်သို့ ပင့်ဆောင်ကြကာ ကျောက်ပုံအဖြစ် တည်ခဲ့ကြသည်။ မကြာမြင့်မိ ဓညဝတီပြည့်ရှင် စန္ဒသူရိယမင်းသည် မိမိ၏ မကိုဋ်ပုံတော်အတိုင်း အဆင့်သုံးဆင့်ဖြင့် ပြုပြင်တည်ခဲ့လေသည်။ ဘုရားပွဲတော်ကာလမှာ နတ်တော်လပြည့် (ဒီဇင်ဘာ) ဖြစ်သည်။ ရခိုင်ဒေသ၌ အစည်ကားဆုံး ဘုရားပွဲဖြစ်သည်ဟု ရခိုင်သုတ အဘိဓါန်တွင် ဖော်ပြထားသည်။

သန်းနိုင်နှင့်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီသည် ရဟန်းသံဃာတော်များ တည်းခိုနေထိုင်ရန်အတွက် ဆံရှင်တော်ရှင်စေတီတော် အရှေ့ဘက် စောင်းတန်းတွင် သိန်း ၈ဝဝ တန်ဖိုးရှိသည့် နှစ်ထပ် ဓမ္မာရုံတစ်ဆောင်ကိုလည်း ဆောက်လုပ် လှူဒါန်းထားသည်ဟု သိရှိရသည်။

ကုသိုလ်အတူယူလိုကြသည့် ဗုဒ္ဓဘာသာဝင် မိတ်ဆွေအပေါင်းတို့အနေဖြင့် လမ်းဖောက်လုပ်ရာတွင် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ပါဝင်လှူဒါန်းလိုပါက ဦးဦးသန်းနိုင်ကုမ္ပဏီ မန်နေဂျာ ဦးဦးသန်းလှိုင် (ဖုန်း- ဝ၉၂၅ဝ၄၆၂၂၃၂ ) သို့ လှူဒါန်းနိုင်ကြောင်း နိဗ္ဗာန်အကျိုးကို ရည်မျှော်၍ တိုက်တွန်းနိုးဆော်အပ်ပါသည်။

ဆက်စပ် သတင်းများ