ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဆံတော်ရှင်စေတီကွဲအက်မှုနှင့် စောင်းတန်းများအချိန်မီပြုပြင်ရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.6k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၇ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်းပေါ်တွင် တည်ရှိသည့် တန်ခိုးကြီးဆံတော်ရှင်စေတီတော် ကွဲအက်မှုနှင့် စောင်းတန်းလှေကားထစ် ခေါင်းမိုးများပျက်စီးနေမှုများကို အမြန် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

ဆံတော်ရှင်ဘုရား ဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးအောင်ကျော်ညွှန့်က “ တောင်ပေါ်မြေဆိုတော့ မိုးရာသီမှာ မြေပြိုကျတာပေါ့။ စေတီက နှစ်စဉ်နှစ်တိုင်း အနည်းငယ် အက်ကွဲတာပေါ့နော်။ မိုးတွင်းဆို လေနဲ့ မိုးနဲ့ တိုက်ထားတော့ စောင်းတန်းခေါင်းမိုးတွေ၊ သိမ်ဇရပ်ကျောင်း သွပ်မိုးခေါင်းတွေ ပြိုကျပျက်စီးနေတာတွေရှိတာပေါ့နော်။ ဒါတွေကို ပြုပြင်ဖို့ အမြန်လိုအပ်နေတာပေါ့နော်” ဟု ပြောကြားသည်။

အဓိက ဆံတော်ရှင်စေတီ၏ ထီးတော်မှ စေတီအောက်ခြေအထိ အက်ကွဲမှု ဖြစ်ပေါ်နေကြောင်း၊ ဘုရားရင်ပြင်ရှိ ကြွေပြားများလည်း ပျက်စီးနေကြောင်း၊ စေတီရင်ပြင်သို့ တက်သည့် လှေကားနှင့် ခေါင်မိုးတို့မှာ ယိုယွင်းပျက်စီး နေကြောင်း၊ အချိန်မီ မထိန်းသိမ်းမပြုပြင်ပါက ပိုပြီးပျက်စီးသွားနိုင်ကြောင်း ဦးအောင်ကျော်ညွှန့်က ပြောသည်။

ယခင်က ဘုရားပွဲတော်ကျင်းပနိုင်သဖြင့် ရရှိသည့် အအလှူငွေဖြင့် ဆံတော်ရှင်ဘုရားအား ပြုပြင်နိုင်သော်လည်း ၂ဝ၁၉ ခုနှစ်က ဘုရားပွဲတော် မကျင်းပနိုင်ခဲ့၍ အလှူဝင်ငွေ မရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဘုရားပွဲတော် ကျင်းပနိုင်မည်မဟုတ်၍ အလှူဝင်ငွေများ ရရှိနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ အရင်က ဆိုရင် ဘုရားပွဲတော် အလှူငွေရရှိတာနဲ့ ပြည်နယ် အစိုးရထောက်ပံ့ပေးတာနဲ့ ပြန်လည် ပြုပြင် နိုင်ခဲ့တယ်။ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း လက်ထက်ကဆိုရင် အစိုးရထောက်ပံ့ကြေးငွေနဲ့ ပြုပြင်ခဲ့တဲ့ဟာတွေ ရှိတယ်။ အခု အစိုးရဆီက ထောက်ပံ့ ကြေးငွေလည်း မရဘူးဆိုတော့ အဲဒါတွေကို ပြုပြင်ထိန်းသိမ်းဖို့ လိုက်မမီဘူးပေါ့နော်။ ပြုပြင်ဖို့ အခက်ခဲရှိတာပေါ့။ ပျက်စီး နေတာတွေကို အချိန်မီပြုပြင်ဖို့ လိုအပ်နေပါတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ် အစိုးရလက်ထက်တွင် ပြုပြင်ရန် ပြည်နယ်အစိုးရ၏ ထောက်ပံ့ ကူညီမှု မရရှိသည့် အပေါ် ပြည်နယ် အစိုးရအဖွဲ့ စည်ဝင်ဝန်ကြီး ဦးဝင်းမြင့်အား ဆက်သွယ်ရာ ပြည်နယ်အစိုးရ၏ သဘောထားကို မပြောနိုင်ကြောင်း ပြောဆိုသည်။

သမိုင်းဝင်ဆံတော်ရှင်ဘုရားမှာ မိုးရာသီရောက်လျှင် မြေပြိုကျခြင်းများဖြစ်ပေါ်မှုကြောင့် စေတီရင်ပြင်သို့ တက်သည့် လှေကားနှင့် ခေါင်မိုးတို့မှာ နှစ်တိုင်းနီးပါး ပျက်စီးမှုများဖြစ်ပေါ်ကြောင်း ဆံတော်ရှင်ဘုရား ဂေါပက ဥက္ကဋ္ဌ ဦးမောင်ကျော်သိန်းက ပြောသည်။

“မိုးတွင်းကာလ ရေတိုက်စားရင် ဘုရားရင်ပြင်စောင်းတန်းတွေ အက်ကွဲတာပေါ့။  ကျွန်တော်တို့ အခု ရက်ပိုင်းတော့ မသွားဖြစ်သေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဂေါပကအဖွဲ့တွေ ဘုရားကို နောက်တစ်ခေါက် သွားကြည့်ကြမလို့ စီစဉ်နေပါတယ်” ဟု ပြောသည်။

ဆံတော်ရှင်ဘုရားသည် မြေငူကျွန်းတောင်ဘက် အစွန်းဆုံး နိလာပဗ္ဗတတောင်ပေါ်တွင် ကိန်းဝပ်နေသည့် သမိုင်းဝင်စေတီတစ်ဆူဖြစ်ပြီး ဘုရားရှင်၏ ဆံတော်ဓါတ်ကို ဌာပနာထည့်သွင်း တည်ထားတော်မူသည့် စေတီတစ်ဆူဖြစ်ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများအရ သိရသည်။

ဆက်စပ် သတင်းများ