ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးတွင် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတစ်ခု တူးဖော်ရရှိထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 4.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၉/ ၂၀၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ အံတော်တိုက်စေတီဝင်းထဲ၌ ရှင်းလင်းရေးလုပ်ရာတွင် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတစ်ခု တူးဖော်ရရှိထားကြောင်း သတင်းရရှိသည်။

အဆိုပါရှေးဟောင်းသမိုင်းဝင် အဆောက်အအုံကို မြောက်ဦးမြို့ ညောင်ပင်စျေးဘုန်းကြီးကျောင်းရှိ လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော်အကြာကဆောက်လုပ်ထားခဲ့သည့် အံတော်တိုက်စေတီဝင်းထဲမှ လှေကားကို ဇန်နဝါရီ ၁၆ နေ့က ရှင်းလင်းရေးလုပ်ရာတွင် တူးဖော်ရရှိခြင်းဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးရေဝတ က မိန့်သည်။

ဆရာတော် ဦးရေဝတ က “အသက် ၇၀ ကျော် ဒကာမတစ်ယောက်မှာ သူ့မိဘတို့နဲ့အတူ အဲဒီလှေကားကို လှူခဲ့တာ။ အဲဒီမှာ သူအိပ်မက်မြင်တယ်။ အဲဒီလှေကားအောက်မှာ သူ့မိဘတို့ရဲ့ ဝိဉာဉ်ရှိတယ်ပေါ့၊ ပိတ်မိနေတယ်ပေါ့။ အဲဒါကို ဦးဇင်းကို လာပြောလို့ ဦးဇင်းတို့က လှေကားကို ရှင်းလင်းရေးလုပ်တာ။ လှေကားပေါ်မှာ ကျောက်တွေ အများကြီးပုံနေတာ။ အဲဒါတွေကို ဖယ်ထုတ်တော့ တွေ့တာ။ အဲဒီအဆောက်အအုံကို အောက်က ကျောက်၊ အပေါ်က အုတ်နဲ့ လုပ်ထားတယ်ပေါ့။ အရမ်းကြီးတဲ့ အဆောက်အအုံပါ။ အဆောက်အအုံမှာ စာရေးထားတာ မထင်မရှားလို့ ဖတ်မရတာတွေလည်းပါတယ်။ အဲဒါကို ရေသွန်ပြီး ဖတ်ကြည့်ရင် ရပါတယ်။ ရေးဆွဲထားတဲ့ ပုံတွေကိုလည်း ရေနဲ့သွန်လိုက်ရင် မြင်ရပါတယ်။” ဟု နိရဥ္စရာသို့ မိန့်သည်။

ယင်းအဆောက်အအုံမှာ အလျား ပေ ၇၀ ကျော်၊ အနံ ပေ ၇၀ ကျော်ရှိပြီး အဆောက်အအုံရှိ မုခ်ဝ၏ ဘေးတစ်ဘက်တစ်ချက်စီတွင် မကိုဋ်ဆင်မြန်းကာ မြင်းစီးနေသည့် ဘုရင်ရုပ်ပုံ၊ ဆင်ရုပ်နှင့် မြင်းရုပ်အပါအဝင် “ဖြစ်ပါသည် ဘုရား” ဟု ရေးထားသည့် စာကို အထင်အရှားတွေ့မြင်ရကြောင်း ဆရာတော်က မိန့်ကြားသည်။

“ဦးဇင်းက ရှေး/သုဌာနကို အခုလိုတွေ့တာကိုပြောပြီး ဒါကိုဘယ်လိုလုပ်မလဲဆိုတာကို မေးတော့ သူတို့က ဦးဇင်းကြိုက်သလို စီမံပါဆိုပြီးတော့ ပြောပါတယ်။ ဦးဇင်းအနေနဲ့ အဲဒါကို ဒီလကုန်တဲ့အထိ လူတွေကြည့်ရအောင် ထားမယ်။ ပြီးရင် အဲဒါကို ပိတ်လိုက်မယ်။ မှန်လိုမျိုးဘောင်ခတ်ပြီး ပိတ်မှာ။ လူဝင်ပေါက်တော့ ထားမယ်ပေါ့။ လူတွေလည်း ဝင်ကြည့်လို့ရအောင်ပေါ့။ အဲဒါကိုလုပ်ဖို့ ငွေ သိန်း ၃၀ ကျော်လောက် ကုန်ကျမယ်။ ဦးဇင်းကျောင်းဝင်းထဲမှာပဲ ထားမှာပါ။” ဟု ဆရာတော်က ဆက်မိန့်သည်။

ထိုကဲ့သို့ သမိုင်းဝင် အဆောက်အအုံများအား တူးဖော်တွေ့ရှိလျှင် သက်ဆိုင်ရာသို့ အကြောင်းကြားကာ ရှေးဟောင်းသုတေသနတူးဖော်နည်းပညာများဖြင့်သာ တူးဖော်ခွင့်ရှိပြီး ယခုကဲ့သို့ တူးဖော်လိုက်သည်မှာ မြောက်ဦးခေတ်မြေလွှာအား ထိခိုက်၍ လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

“ကျွန်မတို့ရဲ့ အက်ဥပဒေမှာ ဘယ်လိုရှိလဲဆိုတော့ ယဉ်ကျေးမှုအမွေအနှစ်ဒေသမှာ ထွန်ယက်စိုက်ပျိုးရင်တောင်မှ ပေါက်တူးနဲ့ မယက်ရဘူးဆိုတော့ အခု မိမိအစီစဉ်နဲ့တူးလိုက်ပြီဆိုတော့ ကျွန်မတို့ ယဉ်ကျေးမှုမှာ ပြဋ္ဌာန်းထားတဲ့ အက်ဥပဒေသည် မြေပြင်တွေမှာ သက်ရောက်မှုမရှိလို့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ အဆောက်အအုံတွေ့တယ်ဆိုရင် ရှေးဟောင်းသုတေသနဌာနကို အရင်ဆုံးသတင်းပို့ရပါတယ်။ ပြီးမှ လိုအပ်လို့တူးဖော်မယ်ဆိုရင်လည်း ရှေးဟောင်းသုတေသနတူးဖော်မှု နည်းပညာနဲ့ အဆောက်အအုံကို စနစ်တကျ တူးရပါတယ်။ မည်သူကမှ ရှေးဟောင်းအဆောက်အအုံကို တူးဖော်ပိုင်ခွင့်မရှိဘူး။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေအားလုံးကို တူးချင်သလိုတူးပြီးတော့ လုပ်ချင်သလိုလုပ်လို့ရပါလား၊ နိုင်ငံတော်မှာ ဒါတွေနဲ့ပတ်သက်ပြီးတော့ ပြဋ္ဌာန်းထားတဲ့ ၂၀၁၉ အက်ဥပဒေက ထင်ထင်ရှားရှားရှိနေပါသေးတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါအဆောက်အအုံမှာ မည်သည့်ခေတ်က လက်ရာဖြစ်ပြီး မည်သည့်အဆောက်အအုံဖြစ်သည်ဆိုသည်ကို လောလောဆယ် မခန့်မှန်းနိုင်ကြသေးဟုလည်း သိရသည်။

မြောက်ဦးမြို့မှ ဒေသခံတစ်ဦးဖြစ်သည့် ကိုမျိုးလှိုင်က “အဲဒီအဆောက်အအုံအတွက် ရှေးဟောင်းအဖွဲ့အစည်းတွေကပါ၊ ရှေးဟောင်းသုတေသနဌာနရော၊ နောက်ပြီး ဆရာတော်ရောတို့က တွေ့ဆုံဆွေနွေးဖို့ လိုပါတယ်။ မျှတဖို့လိုတယ်ပေါ့။ အဲလိုမျိုးဆွေးနွေးလုပ်မှ အမွေအနှစ်တစ်ခု ဆုံးရှုံးဖို့ကို ကာကွယ်နိုင်မယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက အဆောက်အအုံအား ထိန်းသိမ်းသွားမည့်နည်းလမ်းကို အကြံပြုသွားမည်ဖြစ်ကြောင်း ပြောသည်။

ဦးစိုးစိုးလင်းက “သင့်တော်မယ့်နည်းလမ်းနဲ့ ညှိနှိုင်းပြီးတော့ ဒီဟာက ဘာသာရေးအဆောက်အအုံရှိတယ်။ ဒီအပေါ်မှာ ချင့်ချိန်ပြီးတော့ ကျွန်တော်တို့က ဘယ်လိုဆက်စပ်ပြီးတော့ ဆောင်ရွက်သွားရမလဲဆိုတာ ပေါင်းစပ်ညှိနှိုင်းပြီးတော့ အဆင်ပြေမယ့်နည်းလမ်းကို အကြံပြုပေးရမှာပါ။” ဟု နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးမြို့တွင် ရှေးဟောင်းသမိုင်းဝင်တန်ဖိုးရှိ စေတီပုထိုးများတည်ရှိသည့်နေရာ၊ တံတိုင်း၊ ကျုံးများနှင့် ပိဋကတ်တိုက် စသည်တို့တည်ရှိသည့်နေရာပေါင်း တစ်ထောင်ကျော်ရှိကြောင်း မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးကော်မတီထံမှ သိရသည်။

ဓာတ်ပုံ-ဒေါ်ခင်သန်း

ဆက်စပ် သတင်းများ