သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရား သိမ်တော်တိုင်များအား သိန်းသုံးထောင်ခန့် အကုန်အကျခံပြီး ပြန်လည်ပြုပြင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 1.1k

ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရား သိမ်တော်တိုင်များအား သိန်းသုံးထောင်ခန့် အကုန်အကျခံပြီး ပြန်လည်ပြုပြင်နေ

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၇/ ၂၀၂၁

ကျောက်တော်မြို့နယ်ရှိ တန်ခိုးကြီး မဟာမုနိဘုရားမှ သိမ်တော်တိုင်များအား သိန်းသုံးထောင်ခန့် အကုန်အကျခံပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစတင်ကာ ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သိမ်တော်တိုင်များ ပြုလုပ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိနေပြီဖြစ်ပြီး ယခုအခါ သိမ်တော်တိုင်များမှာ ခိုင်ခံ့မှုမရှိတော့၍ ဘုရားဖူးခရီးသည်များအတွက် အန္တရာယ်ရှိနိုင်သောကြောင့် ပြန်လည်ပြုပြင်နေရခြင်းဖြစ်ကြောင်းကို မဟာမုနိဘုရားမှ ဂေါပက ဥက္ကဋ္ဌ ဦးသာလှအောင်က ပြောသည်။

၈၈ အရေးအခင်းနောက်ပိုင်းမှာ အဲဒီတုန်းက အစိုးရက ပြုလုပ်ခဲ့တာ။ နှစ်ပေါင်း ၃၀ ဝန်းကျင်လောက် ရှိပြီ။ မြောက်ဦးက ရတနာ့မာန်အောင်ဆရာတော်က ဒီကို ကြွလာတုန်း ဂေါပကတွေက ဒီဘုရားမှာ သိမ်တော်တိုင်တွေ ခိုင်ခံ့ ကြံ့ခိုင်မှုမရှိတော့ဘူး ရေရှည်ကို။ နောက်မှာ အန္တရာယ်ရှိတယ်ဆိုပြီးတော့ လျှောက်တင်လိုက်ကြပါတယ်။ အဲတော့ အဲဒီဆရာတော်ကလည်း ဟုတ်တယ်ပေါ့၊ ဒါရေရှည်မှာ မကောင်းဘူးဆိုပြီး ဒါကို လုပ်မယ်ဆိုပြီး လုပ်ဖြစ်လိုက်ကြတာပါဟု နိရဉ္စရာသို့ ပြောသည်။

ယခုပြုပြင်နေသည့် သိမ်တော်တိုင် စုစုပေါင်း ၂၈ လုံးရှိပြီး တိုင်တစ်လုံးကို သိန်းတစ်ရာခန့် ကုန်ကျမည်ဖြစ်ကာ လက်သမားခများဖြင့် စုစုပေါင်း သိန်း သုံးထောင်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်းလည်း သူက ပြောသည်။

အခုက ဒီတိုင်တွေကို အကုန်လုံးကို ဖျက်ပစ်လိုက်မယ်။ ပြီးရင် စတီးလ်ပိုက်ခေါင်းလုပ်မယ်။ အဲဒီမှာ သံချောင်းထည့်ပြီး စနစ်တကျလုပ်မယ်ပေါ့။ အပြင်ကတော့ ကျောက်တွေနဲ့ ပတ်ပြီးလုပ်မယ်။ အဲဒီကျောက်ကိုတစ်ခါ ကျွန်တော်တို့ တတိယ ဓညဝတီခေတ်က လက်ရာအတိုင်း အကောင်အထည်ဖော်ပြီး လုပ်သွားမှာပါ။ ဒီသိမ်တော်တိုင်တွေကို လုပ်ဖို့က အချိန် ၂ နှစ်ကျော်လောက် ကြာမယ်။ ဒါပေမယ့် ဆရာတော်က အဲဒီလောက် အချိန်အကြာကြီး မလိုချင်တဲ့အတွက် တစ်နှစ်တည်းနဲ့ အပြီးလုပ်ဖို့အတွက် လူအင်အားအများကြီးသုံးပြီး လုပ်သွားမှာပေါ့ ဟု ၄င်းက ဆက်ပြောသည်။

ယင်းသိမ်တော်တိုင်များ ပြုလုပ်ရန် အလှူရှင်များက လှူဒါန်းထားသည့် ငွေများဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်းကိုလည်း မဟာမုနိဂေါပက အဖွဲ့ဝင်များ ပြောပြချက်အရ သိရသည်။

အဆိုပါ သိမ်တော်တိုင်များအား ပြန်လည်ပြုပြင်ခြင်းမှာ ကောင်းမွန်ကြောင်း ကျောက်တော်မြို့နယ်၊ မဟာမုနိကျေးရွာမှ ကိုကျော်ကျော်နိုင်က ပြောသည်။

အရင်တုန်းကတိုင်တွေက ကွန်ကရစ်တိုင်တွေပါ။ အဲဒီတိုင်တွေကိုဖွင့်ကြည့်တော့ အထဲမှာ ကွဲနေပါတယ်။ အထဲမှာ သံချောင်းနည်းနည်းနဲ့ပဲ လုပ်ထားတာမို့လေ။ အဲဒါကြောင့် အခု ရတနာ့မာန်အောင်ဆရာတော်က ဦးဆောင်ပြီး စီစဉ်ပေးနေတာပေါ့။ အရင်က တိုင်က ခိုင်ခံ့မှုမရှိတော့ အခုလိုပြန်လည်ပြုပြင်တော့ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ဟု ပြောသည်။

တန်ခိုးကြီး မဟာမုနိဘုရားမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အနှံ့မှ ဘုရားဖူးခရီးသည် အများပြားဆုံး လာရောက်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

 

ဆက်စပ် သတင်းများ