သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်မဟာမုနိဘုရားပရဝုဏ်အတွင်းမှ သစ်ပင်များကိုခုတ်လှဲရခြင်းမှာ စုံတွဲများကြောင့်ဟု ဂေါပကဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.8k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မတ် ၉/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားပရဝုဏ်အတွင်းမှ သစ်ပင်များအား ခုတ်လှဲရခြင်းမှာ သစ်ပင်များကို အကာအကွယ်ယူ၍ စုံတွဲများ လာရောက်ချိန်းတွေ့မှုများရှိနေ၍ မသင့်တော်သည့်အတွက် ခုတ်လှဲရခြင်းဖြစ်ကြောင်းကို မဟာမုနိဘုရားမှဂေါပက အဖွဲ့ဝင် ဦးသာလှအောင်က ပြောသည်။

 

လူငယ်သဘာဝ အပင်အောက်တွေမှာ မှောင်ရိပ်ခိုတာတွေ အများကြီးရှိပါတယ်။ သူတို့က ည ကိုးနာရီ ဆယ်နာရီအထိ လာနေကြတာကို တွေ့ရပါတယ်။ အဲဒီအပင်အောက်တွေမှာပေါ့။ ပွဲအချိန်ဆိုရင်တော့ ပြောမနေနဲ့တော့။ ပွဲမရှိရင်တောင် အဲဒီလို လာနေကြတယ်။ ကလေးစကားပြောရရင် အပင်အောက် တစ်ခုစီမှာ အတွဲတစ်တွဲစီရှိပါတယ်။ အဲဒီမြင်ကွင်းတွေက ကြည့်မကောင်းဘူး။ ဒါကြောင့် ကျွန်တော်တို့က မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်၊ ဂေါပကအဖွဲ့ အကုန်လုံးညှိနှိုင်းပြီး ဒါကို လုပ်သင့်တယ်ဆိုပြီး ဆွေးနွေးပြီးမှ အပင်တွေကို ခုတ်တာတွေ လုပ်လိုက်တာပါဟု ပြောသည်။

 

မဟာမုနိဘုရားသို့ အဝင်/အထွက်ကို ညနေ ၅ နာရီခန့်တွင်ပိတ်သော်လည်း စုံတွဲများမှာ ညဉ့် ၁၀ နာရီခန့်အထိ ယင်းအပင်များအောက်၌ ရှိနေသည်ကို တွေ့ရကြောင်း သူက ပြောသည်။

 

ဝေဖန်မှုက ရှိမှာပါပဲ။ သို့သော်လည်း ဘုရားကို ထိန်းသိမ်းစောင့်ရှောက်တဲ့သူတွေက ဒါကို မြင်နေရတော့ စိတ်မအေးနိုင်ကြပါဘူး။  ဒါဟာ အမြင်မတော်သလို ခုလိုခေတ်ကာလ မကောင်းချိန်မှာ အန္တရာယ်တစ်ခုခုဖြစ်ရင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တစ်ဦးချင်းရဲ့ သဘောကိုတော့ ကျွန်တော်တို့လည်း မလိုက်နိုင်ပါဘူးဟု ၄င်းက ဆက်ပြောသည်။

 

ယင်းကြောင့် ယခု မတ်လ ပထမအပတ်အတွင်းက မဟာမုနိဘုရားပရဝုဏ်အတွင်းမှ သစ်ပင် ၁၀ ပင်ခန့်ကို ခုတ်ဖြတ်ခြင်းများ၊ ခုတ်လှဲခြင်းများကို မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်၏ ဆုံးဖြတ်ချက်အရ လုပ်ခဲ့ကြောင်း၊ ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီခန့်၌လည်း သစ်ပင် ၅ ပင်ခန့်ကို ခုတ်ဖြတ်ခဲ့ကြောင်း ဦးသာလှအောင်က ပြောသည်။

 

ထိုသို့ သစ်ပင်များအား ရှင်းလင်းလိုက်ခြင်းကြောင့် မဟာမုနိဘုရား၏ သိမ်တောင်ဆောင်အားလည်း ရှင်းလင်းစွာ တွေ့မြင်ရကြောင်း သူက ဆက်ပြောသည်။

 

မဟာမုနိကျေးရွာမှ မနီနီခိုင်က အဲဒီသစ်ပင်တွေ ခုတ်လှဲတာက တစ်ပတ်လောက်တောင် ရှိပါပြီ။ အဲဒီအပင်အောက်မှာက စုံတွဲတွေ လာကြတာတွေ ရှိပါတယ်။ ဘုရားကိုလာတဲ့သူတွေရှိရင် အပင်အောက်တွေမှာ အတွဲတွေရှိနေတာကို တွေ့ရင် မကောင်းဘူးပေါ့။ တစ်ဖက်မှာလည်း အခုလို ခုတ်လှဲလိုက်တာဟာ ဘုရားသိမ်တော်ကို အပြင်ကနေ ရှင်းရှင်းလင်းလင်း ဖူးတွေ့မြင်ရပါတယ်။ သစ်ကိုင်းတွေ ကွယ်ထားရင် ဘုရားရဲ့ သိမ်တော် သပ္ပါယ်တာကိုလည်း အပြင်က မတွေ့ရဘူးပေါ့။ တစ်ဖက်လည်း သစ်ပင်ဝါးပင်ဆိုတာက ဘုရားပရဝုဏ်အတွင်းမှာ ရှိနေသင့်ပါတယ်ဟု ပြောသည်။

 

မဟာမုနိ ဘုရားရိပ်၊ တရားရိပ်တွင် သစ်ပင်များအား ခုတ်ဖြတ်ခြင်းများကို မပြုလုပ်သင့်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများလည်းရှိနေသည်။

 

ကျောက်တော်မြို့နယ်ရှိ တန်ခိုးကြီးမဟာမုနိဘုရားကို ရခိုင်ပြည်နယ်၏ မြို့နယ်အနှံ့မှ ဘုရားဖူး လာရောက်သူ နေ့စဉ်ပုံမှန် ရာနှင့်ချီရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ