တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မင်းပြားကို ပြန်သိမ်းရန် ရေကြောင်းလေကြောင်းဖြင့် စစ်ကောင်စီက ထိုးစစ်ဆင်သော်လည်း စစ်ရေယာဉ် ၂စီးနစ်မြုပ်ပျက်စီးသွားပြီးနောက် တပ်ပျက်ကာပြန်ဆုတ်သွား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

မင်းပြားမြို့ကို ရက္ခိုင့်တပ်တော် ( AA)က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာသော်လည်း ရက္ခိုင့်တပ်တော်က တွန်းလှန်တိုက်ခိုက်လိုက်သဖြင့် ရေတပ်သင်္ဘောနှစ်စီး နစ်မြုပ်ပျက်စီးသွားပြီး တပ်ပျက်ကာ ပြန်လည်ဆုတ်ခွာသွားသည်ဟု သတင်းရရှိသည်။

 မင်းပြားဒေသခံတစ်ဦးက "  ဒီလ ၁၁ နဲ့ ၁၂  ရက်နေ့တွေက ကျားရှည်ပြင်မှာတိုက်ပွဲပြင်းထန်ခဲ့တယ်။ သူတို့ဖက်ကစစ်ကူ ဇက်‌တစ်စီးလာတယ်။ အဲ့ဒီဇက်ကို ကိုယ့်ဖက်က တိုက်ခိုက်လိုက်တာ သူတို့မှာ ပါလာတဲ့လက်နက်တွေကိုထိပြီး မီးလောင်သွားတယ်။ စစ်သားတွေအများကြီးသေသွားတယ်။ မြစ်မှာလည်းအလောင်းတွေမျှောတုန်း။ သူတို့ဖက်ကအထိနာလို့ ပြန်ဆုတ်သွားတာမျိုးကြားတယ် " ဟု နိရဉ္စရာကိုပြောသည်။

 

တစ်ခြားမင်းပြားဒေသခံ တစ်ဦးကလည်း မင်းပြားမြို့နယ် ကျားရှည်ပြင်ရွာမှ စစ်ကောင်စီတပ်သားများ ကျန် ရေတပ်နေဗီများဖြင့် ဆုတ်ခွာသွားခဲ့ကြသည်ဟု သတင်းရရှိသည်။


ရက္ခိုင့်တပ်တော်သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျားရှည်ပြင်ကျေးရွာအနီးမြစ်ထဲတွင် ရေတပ် သင်္ဘောတစ်စင်းကို တိုက်ခိုက်နစ်မြုပ်ပစ်ခဲ့သလို ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ သက်ပုန်းရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော နောက်ထပ် (၁) စီးကို ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။


ယင်းအပြင် ကျားရှည်ပြင်တွင်နေထိုင်ခဲ့သည့် စစ်ကောင်စီတပ်သားများသည် အိမ်ခြေ ၂၀၀ခန်ရှိသည့် ကျားရှည်ပြင်အား ရွာလုံးကျွတ်မီးရှို့သွားခဲ့သည်ဟု ကျားရှည်ပြင်ရွာအနီးက သိမ်တောင်ကျေးရွာသား တစ်ဦးကနိရဉ္စရာကိုပြောသည်။

 

" ကျားရှည်ပြင်ရွာတစ်ခုလုံးဘာမှမကျန်တော့ဘူး။ အကုန်လုံးမီးရှို့သွားတယ်။ စပါး ၁၀ဧကလည်းပါသွားတယ်။ စကစ နေဗီမီးလောင်လို့ အဲ့ဒီကကျတဲ့ မီးစတွေကြောင့် စပါးခင်းတွေ လောင်သွားတာလည်းပါတယ်" ဟုပြောသည်။

ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သက်ပုန်းရွာ အနီးတွင် ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော နောက်ထပ် (၁) စီးကို ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သလို ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌လည်း မင်းပြားမြို့နယ်အတွင်း နောက်ထပ် စစ်သင်္ဘော (၁) စီး ကို ထပ်မံ၍ တိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရက္ခိုင့်တပ်တော်သည် ဖေဖော်ဝါရီ၇ ရက်နှင့် ၈ ရက် နေ့များကလည်း  စစ်ကောင်စီ၏ စစ်ရေယာဉ်၊ စစ်သင်္ဘော (၃) စီးကို ကုလားတန် မြစ်ထဲတွင် အပြတ်အသတ်ချေမှုန်း တိုက်ခိုက် နစ်မြုပ်ပစ်နိုင်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ