တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မင်းပြားတွင် ထင်း‌ ခွေ ၊ဟင်းရှာရာမှ မြေမြှုပ်မိုင်းနင်း၍ အမျိုးသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 820

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၇/၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ထင်းခွေ၊ဟင်းရှာရာမှ မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ကိုမောင်ဆန်းသိန်း အသက်(၂၆)နှစ်ဖြစ်သည်။

ကိုမောင်ဆန်းသိန်းသည် ယနေ့ ဇူလိုင် ၇ ရက် နေ့ နံနက် (၈)နာရီခန့်က ဖားပြိုတံတား နှင့် (၈)ဖာလုံ အကွာ‌ခန့်တွင် ရှိသည့် စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့သည့်  ဖားပြိုတောင်ထက် တွင် ထင်းသွားခွေ၊ ဟင်းသွားရှာရမှ  စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းကို နင်းမိ၍  ဘယ်ဘက် ခြေထောက်ပြတ်ကာ သွေးထွက်လွန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်ဟု မင်းပြားမြို့နယ်မှ ကူညီကယ်ဆယ်ပေးခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

" ဖားပြိုရွာက ရာမောင်းတံတားနှင့်မနီးမဝေး မှာရှိတယ်။ အဲ့ဒီနေရာ‌ တွေမှာ  စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့တာ တွေရှိတယ်။  ‌သူက ဒီနေ့မတက်က တောင်ပေါ်ကို ထင်းခွေ၊ ဟင်းရှာသွားတဲ့ အချိန်မှာ မိုင်းနင်းမိသွားလို့ သေသွားတာပါ။ ခြေထောက်ပြတ်ပြီး သွေးထွက်လွန်လို့ " ဟုပြောသည်။

ရခိုင်ကဒေသခံများမှာ လက်လုပ်လက်စားများဖြစ်၍ စားဝတ်နေရေးကျပ်တည်းလာသဖြင့် အသက်အန္တရာယ်ကိုပင် မငှဲ့နိုင်ဘဲ  တော၊တောင်များကို ထင်းခွေ၊ဟင်းရှာ၊ငါးရှာကာ ဝမ်းစာ ရှာ‌ ဖွေ နေရသည်ဟု မင်းပြားမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ရွာကိုလည်းမပြန်နိုင်သေးဘူး။ စားဝတ်နေရေးကကျပ်တည်းလာတယ်။အလုပ်အကိုင်လည်းမရှိတော့ တစ်နပ်စာအတွက် ထင်းခွေ၊ငါးရှာပြီး စားသောက်နေကြရတယ်။ မိုင်းတွေထောင်းထားလို့ အသက်ဆုံးရှုံးတာတွေရှိတယ်လို့ ကြားနေမြင်နေရပေမယ့် စားဝတ်နေရေးကျပ်တည်းတော့ ရှာစားနေရတာပါပဲ။ သားသမီးတွေလည်းရှိသေးတယ်လေ" ဟုပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာ၊ ကျေးရွာအနီးတဝိုက်၊ တော၊တောင်များတွင် စစ်ကောင်စီမှ မြေမြှုပ်မိုင်းထောင်ထားမှုများရှိနေ၍ ၎င်းနေရာများသို့ ရပ်ရွာအကြီးအကြဲနှင့် တာဝန်ရှိသူများက သွားလာခွင့်ပြုမှ သွားလာသင့်သည်ဟု လူမှုရေးလှုပ်ရှားသူများက အကြံပြုထားသည်။ 

ဆက်စပ် သတင်းများ