- Web Master
- ၂၆ စက်တင်ဘာ ၂၀၂၄
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ လူဝစ္စတန်မြို့တွင် ဖြစ်ပွါးခဲ့သော လူ (၁၈)ဦး သေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှုတွင် ထွက်ပြေးနေသော ပစ်ခတ်သူ သေနတ်သမား တရားခံအား အောက်တိုဘာလ ၂၈ရက်(သောကြာနေ့)က ဒဏ်ရာများဖြင့်သေဆုံးလျှက် ပြန်လည်ရှာဖွေ့တွေ့ရှိခဲ့ပြီဟု သိရသည်။
တရားခံဖမ်းဆီးရမိရေးအတွက် ရာပေါင်းများစွာသော ရဲများက မိန်းပြည်နယ်အတွင်း နှစ်ရက်ကြာ ပိုက်စိပ်တိုက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကျူးလွန်သူဟု သံသယရှိသူ အမေရိကန်စစ်တပ်မှ အရန်တပ်ဖွဲ့ဝင် ရောဘတ်ကဒ် (၄၀)နှစ် အား မိမိကိုယ်မိမိ လုပ်ကြံပစ်ခတ်ထားသော ဒဏ်ရာများဖြင့် သေဆုံးလျှက် လူးဝစ္စတန်မြို့ အရှေ့တောင်ဘက် လစ္စဘွန်းရေတံခွန်အနီးတွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။
ရောဘတ်ကဒ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက လူဝစ္စတန်မြို့ရှိ ဘိုးလင်းခန်းမအတွင်းသို့ ရောက်ရှိလာပြီး ကစားနေသူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကာ ဘားကို ဆက်လက်ပစ်ခတ်ခဲ့သဖြင့် လူပေါင်း(၁၈)ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။
လူအမြောက်အများသေဆုံးခဲ့ရသည့် ယခု သေနတ်ပစ်ခတ်မှုမှာ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် ထိတ်လန့်တုန်လှုပ်စရာ အကောင်းဆုံး သေနတ်ပစ်ခတ်မှုဖြစ်သည်။ တရားခံ ဖမ်းဆီးရမိရေးအတွက် လူးဝစ္စတန်မြို့ရှိလူများ အိမ်ပြင်မထွက်စေဘဲ ရာနှင့်ချီသောရဲများက နှစ်ရက်ကြာ ပိုက်စိပ်တိုက် ရှာဖွေမှု ပြုခဲ့ရသည်။
သေနတ်သမားသည် လက်နက်ကိုင်ဆောင်ထားပြီးအန္တရာယ်ပေးနိုင်သည့်အတွက် ပစ်ခတ်မှုဖြစ်ပွါးပြီး နှစ်ရက်အတွင်း မိန်းပြည်နယ်တွင် အထိတ်တလန့်ဖြစ်နေခဲ့ကြသည်။ “ လူတွေကို ရောဘတ်ကဒ် ဆက်ပြီး အန္တရာယ်မပေးနိုင်တော့မှန်း ဒီနေ့ည သိရတော့မှပဲ ကျွန်မ သက်ပြင်း ချနိုင်တော့တယ်” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျက်နက် မီးလ် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
NN-27
ref:BBCWorld