ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာစာသင်ကျောင်းအနီး မပေါက်ကွဲသေးသည့် မိုင်းနှစ်လုံးတွေ့ရှိ၍ စာသင်ကျောင်းအား ယာယီပိတ်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.6k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁၇/ ၂ဝ၁၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာရှိ မူ(လွန်)စာသင်ကျောင်းအနီးတွင် မပေါက်ကွဲသေးသည့် မိုင်းနှစ်လုံးအား တွေ့ရှိ၍ စာသင်ကျောင်းအား ယာယီပိတ်ထားရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"ဒီမိုင်းတွေကို ဖယ်ရှားရှင်းလင်းဖို့ ကျနော်တို့မြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း တင်ပြထားပါတယ်။ နောက်ပြီး ကျနော်တို့ရွာနားက ကင်းချောင်းရွာရဲကင်းစခန်းကိုလည်း အကြောင်းကြားထားပါတယ်။ ဒီနေ့ မနက်ပိုင်းအထိတော့ ဖယ်ရှားရှင်းလင်းတာ မရှိသေးဘူး"ဟု သပိတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သာက ပြောသည်။

မပေါက်ကွဲသေးသည့် အဆိုပါမိုင်းနှစ်လုံးကို စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သပိတ်တောင်ကျေးရွာ စာသင်ကျောင်း၏ တောင်ဘက် ပေ ၄ဝ ခန့်အကွာတွင် နွားကျောင်းသားတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

ထိုသို့ မပေါက်ကွဲသေးသည့်မိုင်းများအားတွေ့ရှိရ၍ စာသင်ကျောင်းကိုလည်း ယာယီပိတ်ထားရပြီး ကျောင်းသူ၊ ကျောင်းသားများနှင့် ရွာသားများလည်း အန္တရာယ်တစ်စုံတရာဖြစ်မည်ကို စိုးရိမ်ကြောက်လန့်နေကြသည့်အတွက် သက်ဆိုင်ရာက အလျင်အမြန် လာရောက်ဖယ်ရှားရှင်းလင်းပေးစေလိုသည်ဟုလည်း ပြောကြသည်။

"အန္တရာယ်တစ်ခုခုနဲ့ ကြုံမှာကို စိုးရိမ်ကြောင့်ကြမိတယ်။ ဒါကြောင့် ရွာက အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံရွာသားတွေ ညှိနှိုင်းပြီး အထက်ကို အကြောင်းကြားထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ခုထိတော့ ဒီမိုင်းတွေ ရှိနေသေးတယ်"ဟု သပိတ်တောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဥာဏဝံသက နိရဥ္စရာသတင်းဌာနသို့ မိန့်သည်။

အဆိုပါမိုင်းများအား မည်သည့်အဖွဲ့အစည်းက ထောင်ထားခဲ့သည်ဆိုသည်ကို အတိအကျမသိရှိဟုလည်း ရွာသားများက ပြောဆိုကြသည်။

ယခုမိုင်းတွေ့ရှိခဲ့သည့် သပိတ်တောင်ရွာနှင့် ကင်းချောင်းကျေးရွာ ရွာထိပ်ရှိတံတားအနီးတွင် စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

 ယင်းဖြစ်စဉ်ကြောင့် သပိတ်တောင် (မြောက်)ရွာမှ မူဆလင်အမျိုးသားတစ်ဦးသည် သေနတ်ကျည်ဆံထိမှန်မှုကြောင့် သေဆုံးသွားခဲ့ပြီး ရွာသားအများအပြားသည်လည်း ဘူးသီးတောင်မြို့ပေါ်အပါအဝင် နီးစပ်ရာကျေးရွာများနှင့် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
 

ဆက်စပ် သတင်းများ