သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် အမျိုးသမီးတစ်ဦးမိုင်းထိ၍ ပြင်းထန်စွာဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.9k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ အောက်တိုဘာ၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညင်းအုပ်စု၊ အင်းကြမ်းကျေးရွာမှ အသက်(၂ဝ) အရွယ်အမျိုးသမီးတစ်ဦး မိုင်းနင်းမိသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး အမ်းမြို့နယ်ဆေးရုံသို့ ယူဆောင်သွားရသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသူ အမျိုးသမီးမှာ မရွှေခိုင်ကျီ (၂ဝ) နှစ်ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူအား ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ ဟင်းခရော်ကျေးရွာသား ဦးထွန်းယဉ်ဦးက “ ကျွန်တော် သွားကြည့်တဲ့အချိန်နဲ့ ဆိုရင် မိုင်းပေါက်တာက ဒီကနေ့ နံနက် ၁၁ နာရီခွဲလောက်မှာ ဖြစ်ပါတယ်။  မရွှေခိုင်ကျီနဲ့ လင်ဖြစ်သူတို့ဟာ မြင်းခြံကွင်းမှာ မှိုရှာဖို့သွားရာမှာ ရှေ့က သွားတဲ့ လင်က ကျော်သွားပြီး မိန်းမဖြစ်သူက နင်းမိတဲ့အတွက်ပေါက်ကွဲသွားတာပါ။ ညာဖက်ခြေထောက်မှာ ဒဏ်ရာရရှိသွားပြီး ဖြတ်ပစ်ရမယ်လို့သိရပါတယ်။ ယောကျ်ားဖြစ်သူက ဘာမှ မဖြစ်ပါဘူး” ဟု ပြောကြားသည်။

မြေပုံမြို့နယ် စညင်းအုပ်စု အပါအဝင် အနီးတဝှိုက်တွင် တိုက်ပွဲ ဖြစ်ပွားလည်း မရှိကြောင်း၊ သို့သော်လည်း လွန်ခဲ့သော တပတ်က တပ်မတော်မှ အမြောက်တပ်ဖွဲ့တစ်ခု ၎င်းနေရာအနီးတဝှိုက်တွင် သုံးလေးရက် စခန်းချသွားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ ဘယ်သူထောင်တဲ့ မိုင်းဆိုတာကို မသိပါဘူး။ အခု လူတွေက အထူးစိုးရိမ်နေကြပါတယ်။ တိုက်ပွဲ ဖြစ်တာလည်း မရှိဘဲနဲ့ မိုင်းထောင်ထားတဲ့ အတွက် တောထဲကို သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ” ဟု ပြောကြားသည်။

အင်းကြမ်းကျေးရွာမှာ မြေပုံမြို့နယ်တွင် တည်ရှိသော်လည်း အမ်းမြို့နှင့် နီးသဖြင့် မိုင်းထိသူ အမျိုးသမီးအား အမ်းဆေးရုံသို့ ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူလိုသဖြင့် မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ယနေ့ မွန်းလွဲ ၂ နာရီခန့်က အကြိ်မ်ကြိမ် ဖုန်းဆက်သော်လည်း  ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းသို့ ဆက်သွယ်ရာ ၎င်းသတင်းကို မရရှိသေးကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ