ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မိုင်းနင်း၍ မကွေးဆေးရုံသို့ပို့ဆောင်ထားရသည့် မြေပုံမြို့နယ်မှ အမျိုးသမီး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ အောက်တိုဘာ ၂ဝ/၂ဝ၁၉

ရခိုင်ပြည်နယ် မြေပုံမြို့နယ် အင်းကြမ်းကျေးရွာတွင်မိုင်းနင်းမိ၍ မကွေးဆေးရုံသို့ပို့ဆောင်ထားရသည့် အမျိုးသမီး မရွှေခိုင်ကြည် (၂ဝ နှစ်)သည် ယမန်နေ့ ညနေက သေဆုံးသွားပြီဟု မိသားစုဝင်များက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

" မနေ့ ညနေ ၅ နာရီက ဆုံးသွားပါပြီ။ မကွေးဆေးရုံကို ရောက်တော့ ဗိုက်ထဲဝင်နေတဲ့ မိုင်းစတွေကို ဗိုက်ကိုခွဲပြီး ထုတ်လိုက်ရတယ်။ နောက်ပြီး စုတ်ပြတ်သတ်သွားတဲ့ခြေထောက်နှစ်ယောက်ထဲက ဘယ်ခြေထောက် ဒူးအောက်ပိုင်းကနေ ဖြတ်လိုက်ရတယ်။ အဲဒီနောက် တစ်နေ့ထက်တစ်နေ့ အခြေအနေဆိုးဝါးလာတဲ့အတွက် ဒီနေ့ ဆုံးသွားတာဖြစ်ပါတယ်။"ဟု သေဆုံးသူအမျိုးသမီးငယ်၏မိသားစုဝင် ဦးဝေသန်းမြင့်က ပြောသည်။

သေဆုံးသွားသည့် မရွှေခိုင်ကြည်သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က သူမ၏ အမျိုးသားနှင့်အတူ တောထဲတွင် မှိုသွားရှာစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး သူမ၏ ခြေထောက်များ၊ ဝမ်းဗိုက်၊ မျက်နှာနှင့် လက်တို့တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

အင်းကြမ်းကျေးရွာသည် မြေပုံမြို့နယ်တွင်တည်ရှိသော်လည်း အမ်းမြို့နှင့် နီးသဖြင့် မိုင်းထိသူအား အမ်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ ယင်းမှတဆင့် မကွေးဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ရခြင်းဖြစ်သည်။

သေဆုံးသွားသူ မရွှေခိုင်ကြည်သည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ရွာသစ်ရပ်ကွက်မှဖြစ်သော်လည်း မြေပုံမြို့နယ် အင်းကြမ်းကျေးရွာတွင် အိမ်ထောင်ကျနေသူဖြစ်သည်။

လက်ရှိတွင် သူမ၏ရုပ်အလောင်းအား မကွေးဆေးရုံမှ ကမ်းထောင်းကြီးမြို့သို့ သယ်ယူသွားလိုကြသော်လည်း နောက်နှစ်ရက်နေမှ သယ်ယူခွင့်ပေးမည်ဟု ဆေးရုံအာဏာပိုင်များက တားမြစ်ထားသည့်အတွက် သယ်ယူရန်အခက်အခဲဖြစ်နေသည်ဟု ကမ်းထောင်းကြီးမြို့ စေတနာရှင်များ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမောင်ချယ်ရီက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"အဲဒီအလောင်းကို သူတို့က အလောင်းစစ်ဆေးဖို့ဆရာဝန်မရှိသေးဘူးဆိုပြီးတော့ အကြောင်းပြတယ်။ အဓိကတော့ ညစ်ပတ်တာပေါ့။ သေပြီးတော့မှ အလောင်းရောက်လာတာမဟုတ်ဘူး။ ဆေးရုံမှာ ဆေးကုရင်းသေတာ"ဟု ဦးမောင်ချယ်ရီက ဆိုသည်။

လက်ရှိတွင် အဆိုပါအလောင်းအား ကမ်းထောင်းကြီးမြို့သို့သယ်ယူနိုင်ရေး ကမ်းထောင်းကြီးမြို့ စေတနာရှင်များ နာရေးကူညီမှုအသင်းက ကြိုးစားနေသလို မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံ ဆက်သွယ်အကြောင်းကြားထားသည်ဟု သေဆုံးသူ၏မိသားစုဝင်များက ပြောသည်။

မရွှေခိုင်ကြည်နင်းမိခဲ့သည့်မိုင်းကို မည်သည့်အဖွဲ့အစည်းထောင်ထားသည်ဆိုသည်ကို ဒေသခံများက တိတိကျကျပြောဆိုနိုင်ခြင်းမရှိပေ။


ဓာတ်ပုံ - မောင်ချယ်ရီ (ကမ်းထောင်းကြီး)

ဆက်စပ် သတင်းများ