သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်မှ မြောက်ဦးနှင့် မောင်တောမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုများဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၂၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ယနေ့ နေ့လယ်က တပ်မတော်ယာဉ်တန်းများ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

ယနေ့ နိုဝင်ဘာလ ၂၄ ရက် နေ့လယ် ၂ နာရီခန့်တွင်  စစ်တွေ -ရန်ကုန်ကားလမ်း၊ မြောက်ဦးမြို့နယ်၊ ပြိုင်းချောင်း ကျေးရွာဘက်မှ ကျောက်တော်ဘက်သို့ ခြေလျင်လာသည့် တပ်မတော်စစ်ကြောင်းတစ်ခု ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ပေါက်သံတော့ ကြားလိုက်ပါတယ်။ စစ်ကြောင်းတစ်ခုလာတဲ့ အချိန်မှာ ပေါက်ကွဲတာလို့ သိရပါတယ်။ ဖြစ်တာက ကျောက်တော် မဟာမုနိဘုရားနဲ့ မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာကြားမှာဖြစ်တာပါ။ တစ်လုံးတည်းပေါက်တာပါ” ဟု ဦးထွန်းသာစိန် က ပြောသည်။

အလားတူ ညနေ ၃ နာရီခွဲက အငူမော်ဘက်မှ မောင်တောဘက်သို့ လာသည့် တပ်မတော်ယာဉ်တန်းတစ်ခု ကင်းချောင်း ကျေးရွာသို့မရောက်မီ မိုင်ဝက်ခန့်အကွာ တံတားနားအရောက်တွင် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

ကင်းချောင်းကျေးရွာသားတစ်ဦးက “ ၃နာရီခွဲလောက်ဖြစ်မယ်ထင်တယ်။ ကျနော်တို့ကင်းချောင်းကျေးရွာနဲ့ ရွှေဗဟို ကျေးရွာကြားမှာ ပေါက်တာပါ။ တပ်မတော်ယာဉ်တန်းဖြတ်တဲ့အချိန်မှာပေါက်ကွဲတာပါ။ တစ်လုံးတည်း ပေါက်တာပါ။ ပေါက်တာနဲ့ အဲဒီနေရာ အနီးတစ်ဝိုက်ကို သေနတ်နဲ့ အချက် တစ်ဆယ်ကျော်လောက်ပစ်တယ်။ သူတို့က မောင်တော ဘက်ကို ကားနဲ့လာကြတာပါ။ ဘယ်ကနေလာတယ်ဆိုတာကိုမသိဘူး။ ကျနော်တို့လည်း ကြောက်လို့ အပြင်တောင်မထွက်ရဲဘူး” ဟုပြောသည်။

ထိုသို့ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ကျေးရွာသားများမှာ အိမ်ထဲမှ အိမ်ပြင်မထွက်ရဲဘဲ စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံများကပြောသည်။

-------------------------------- 

Unicode:









ဆက်စပ် သတင်းများ