ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ပန်းမြောင်းစက်လှေဆိပ်တွင် မိုင်းပေါက်ကွဲ၍ ရဲဒုတပ်ကြပ်၊ စစ်သားတစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး ထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.1k

ချစ်အိလှိုင်
နိရဥ္စရာ၊မတ် ၂ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာစက်လှေဆိပ်တွင် မိုင်းနှစ်လုံးပေါက်ကွဲ၍ ရဲဒုတပ်ကြပ်တစ်ဦး၊ တပ်မတော်သားတစ်ဦးအပါအဝင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှစ်ဦး ထိခိုက် ဒဏ်ရာရ ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ မတ်လ ၂ဝ ရက်နေ့ နံနက် ၁ဝ နာရီတွင် ပန်းမြောင်းစက်လှေဆိပ်အနီးခြုံပုတ်ထဲမှ မိုင်းတစ်လုံး ပေါက်ကွဲပြီးနောက် ၁ဝ မိနစ်ခန့်အကြာတွင်နောက်ထပ်တစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက်အလုံးပေါက်ကွဲချိန်တွင် ၄င်းတပ်မတော်သားတစ်ဦး၊ ရဲဒုတပ်ကြပ်တစ်ဦးအပါအဝင် ပန်းမြောင်းအုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်နှင့်  နဂါရာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းတို့ နှစ်ဦးမှာလည်း  ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း  အမည်မဖော်လိုသည့် မျက်မြင် သက်သေတစ်ဦးက နိရဥ္စရာသတင်းဌာနအား ပြောသည်။

“စစ်ဆေးရေးလုပ်နေတာ ၁၈ ရက်နေ့တည်းလုပ်နေတာ။ စက်လှေတွေကိုစစ်တယ်။ ဒီနေ့ မနက်က ပထမ မိုင်းတစ်လုံးပေါက်တော့ ဘယ်သူမှ ထိခိုက်မှု မရှိခဲ့ဘူး။ နည်းနည်း လန့်သွားကြတာဘဲ ရှိတယ်။ ၁ဝ မိနစ်လောက်နေတော့ နောက်တစ်လုံးပေါက်တာမှာ ထိတာပါ။ နဂါရာ အုပ်ချုပ် ရေးမှူးနဲ့ ပန်းမြောင်းအုပ်ချုပ်ရေးမှူးတို့က အဲဒီနား ၁၅ ကိုက်လောက်အဝေးက လဖက်ရည်ဆိုင်မှာ ထိုင်နေကြတာပါ။ အဲဒီမှာ ပေါက်တော့ မိုင်းက အစတွေ လက်မောင်းတွေမှာ ထိတယ်။ စစ်တပ်က တပ်သားကတော့များတယ်။ တောင်ပေါ်ကသူတို့ စခန်းကိုခေါ်သွားတယ်။ ရဲတစ်ယောက်ကတော့ ပန်းမြောင်းရဲစခန်းကပါ”ဟု ၄င်းအမည် မဖော်လိုသူမျက်မြင်သက်သေက ပြောသည်။

ပေါက်ကွဲသံနှစ်ချက်ကြားလိုုက်ရကြောင်း၊ ရွာသားများ ကြောက်လန့်၍  စျေးအတွင်းမှ ဆိုင်များ နှင့် ရွာထဲရှိ စျေးဆိုင်များလည်း ပိတ်ထားကြကြောင်း  ပန်းမြောင်းကျေးရွာမှ မနန်းဦးလှိုင်က ပြောသည်။

“ပန်းမြောင်းစျေးထဲမှာပါ။ စက်လှေဆိပ်က စျေးထဲမှာရှိတာပါ။ မိုင်းပေါက်တာလို့လည်း ပြောကြတယ်။ အသံကို ကျွန်မထင်တာက လက်နက်ကြီးပစ်တယ်ထင်တာ။ ရွာကလူတွေ ကြောက်နေကြပါတယ်။ ကျွန်မတို့နဲ့ မိုင်းပေါက်တဲ့နေရာနဲ့ဝေးပါတယ်။ ရွာကအကျယ်ကြီးပါ။ ဒဏ်ရာရတဲ့လူတွေ ရှိတယ်လို့ကြားပါတယ်” ဟု မနန်းဦးလှိုင်က ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က မိုင်းပေါက်ကွဲသည်မှာ ဟုတ်မှန်ကြောင်း နဂါရာအုပ်ချုပ်ရေးမှူးက ဆက်သွယ် ပြောကြားလာကြောင်း အတည်ပြု ပြောကြားသည်။

“မိုင်းပေါက်တာဟုတ်ပါတယ်။ နဂါရာအုပ်ချုပ်ရေးမှူးကဆက်သွယ်လာတယ်။ အုပ်ချုပ်ရေးမှူး နှစ်ယောက်နဲ့ နောက်ထပ် အဲဒီမှာရှိတဲ့ တပ်သားတချို့ ထိခိုက်မိတယ်လို့သိရတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

ပန်းမြောင်းကျေးရွာအုပ်စုနှင့် နဂါးရာကျေးရွာအုပ်စုမှ တဆက်တည်းဖြစ်ပြီး  ပန်းမြောင်း ကျေးရွာ အလယ်ရှိ အောင်မင်္ဂလာတောင်တွင် တပ်စခန်းတစ်ခု စခန်းချနေခြင်းဖြစ်ကြောင်း၊ ပန်းမြောင်း အုပ်စုတွင် အိမ်ခြေ ၁၅ဝဝ ကျော်ရှိပြီး လူဦးရေ ၈ ထောင်ကျော်ခန့် ရှိကြောင်း သိရသည်။
------------------------

Unicode



နိရဉ်စရာ၊မတျ ၂ဝ/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ