ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ သက်ကြီးတစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 4.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၈ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငတောက်တူချေကျေးရွာအနီး လယ်ကွင်းတွင် ယနေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က မိုင်းပေါက်ကွဲ၍ နွားကျောင်းနေသော သက်ကြီးလယ်သမားတစ်ဦး၏ ခြေထောက်နှစ်ဘက်တွင် ပြင်းထန်စွာဒဏ်ရာ ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

ထိခိုက်ဒဏ်ရာ ရရှိသူမှာ ငတောက်တူချေကျေးရွာမှ ဦးမောင်ကျော်သန်း အသက် (၆၆) နှစ်ဖြစ်ကြောင်း တစ်ရွာတည်းနေသူ ဦးညိုဇံအောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ သူ့က ရွာမြောက်ဖက်က လယ်ကွင်းကို နွားကျောင်းဖို့ထွက်သွားတယ်။ အဲဒီနားမှာ ကုက္ကိုပင်၊ ညောင်ပင်နှင့် ဝါးရုံတောတွေရှိတယ်။ သူ့က ကုက္ကိုပင်အောက်ကို ဝင်ထိုင်တဲ့အခါ ပေါက်ကွဲတယ်လို့ ပြောတယ်။ ဒဏ်ရာရတာကတော့ ခြေထောက်နှစ်ဖက်လုံး ပြတ်လုမတတ် ဖြစ်သွားတယ်။ မျက်လုံး တွေမှာလည်း ဒဏ်ရာတွေ ရသွားတယ်လို့ ပြောတယ်။ မျက်နှာတွေကို ချုပ်ပြီးတော့ ရသေ့တောင် ဆေးရုံသို့ ယူသွားတယ်” ဟု ၎င်းက ပြောသည်။

ယခုမိုင်းပေါက်ကွဲသည့် နေရာအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိကြောင်းနှင့် ယခင်က မိုင်းပေါက်ကွဲမှုများလည်း မရှိခဲ့ကြောင့် ၎င်းက ဆက်လက်ပြောကြားသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က မိုင်းပေါက်ကွဲမှုကြောင့် ကျေးရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။


ဆက်စပ် သတင်းများ