စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် မိုင်းပေါက်ကွဲမှုသံသယဖြင့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးခံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 5.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၉ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကမာကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး ပေါက်ကွဲခဲ့သည့် မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။

စစ်ဆေးခံရသူနှစ်ဦးမှာ ကမာကျေးရွာမှ ဦးအောင်လွင်စိုး (၄၁)နှစ်နှင့် ၎င်း၏ဇနီး အစ်မဖြစ်သူ ဒေါ်စိုးစိုးမော်(၄ဝ) နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးကို တရဘကျေးရွာအနီး မိုင်းပေါက်ကွဲမှုသံသယဖြင့် ဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်ကြောင်း ကမာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းတင်က ပြောသည်။

 “ ဦးအောင်လွင်စိုးကိုတော့ တရဘကျေးရွာအနီးမှာ မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဒီလ ၃ ရက်နေ့က ခေါ်သွားတယ်လို့ သိရတယ်။ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာကို ကျနော်တို့လည်း မသိရဘူး။ သူတို့ စစ်သားတွေ ဝင်လာတဲ့အချိန်မှာ အခုအဖမ်းခံထားရတဲ့ ဦးအောင်လွင်စိုးနဲ့ ဒေါ်စိုးစိုးမော်တို့ရဲ့ အိမ်တွေကို မွှေတယ်။ နောက်မိုင်းပေါက်လို့ သေဆုံးသွားတဲ့ စိုးမြင့်နိုင်ရဲ့ အိမ်ကိုမွှေတယ်။ မနေ့က ဒေါ်စိုးစိုးမော်ကို ခေါ်တာကတော့ မိုင်းပေါက်တာမှာ ပါသွားတဲ့ စိုးမြင့်နိုင်ဟာ သူမတို့ အိမ်ကို အဝင်အထွက် ရှိခဲ့တယ်ဆိုတဲ့ သံသယနဲ့ ခေါ်ယူသွားတာဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သော ဇွန်လ ၂၉ ရက်က တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၎င်း နေရာ၌ပင် လူ ၄ ဦးသေဆုံးခဲ့ပြီး ယင်းအထဲမှ စိုးမြင့်နိုင်နှင့် ကျော်ဇင်သန့်တို့မှာ ကမာရွာက ဖြစ်ကြောင်း၊ ကျန်နှစ်ဦးကို မသိရှိကြောင်း၊ ၎င်းမိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာသည် ကမာကျေးရွာနှင့် ၁ဝ မိုင် ကျော်ခန့်ကွာဝေးကြောင်း အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ဦးအောင်လွင်စိုး၏ ဇနီးဖြစ်သူ ဒေါ်စိုးယုမော်က “ အဲဒီနေ့က တပ်မတော် သားတွေက ကျမယောကျာ်းကို စစ်ဆေးစရာရှိတယ်ဆိုပြီး အိမ်ကိုလာပြီးတော့ ဖမ်းတယ်။ ကျမအစ်မကိုတော့ ကျမ ယောကျ်ားကို ဖမ်းခေါ်ပြီး ငါးရက်အကြာ မနေ့က ရွာမမြို့စခန်းက ခေါ်တယ်ဆိုပြီးတော့ ခေါ်ယူသွားတယ်။ ခုကြားတာက ရွာမစခန်းကနေ တစ်ဆင့် တောင်ကုတ်ရဲစခန်းကိုခေါ်ယူသွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ယောကျာ်းဖြစ်သူအား မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရှိရသဖြင့် စိုးရိမ်ကြောင့်ကြ နေကြောင်း၊ သူတို့ကို ဘယ်နေရာတွင် ထိန်းသိမ်းထားသည်ကို သိရှိလိုကြောင်း သူမက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကုတ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့အား ဆက်သွယ်ခဲ့ရာ သူတို့အနေဖြင့် ၎င်းကိစ္စကို မသိရှိကြောင်း ဖြေကြားသည်။

ဇွန်လ ၂၉ ရက်နေ့က မိုင်းပေါက်ကွဲမှုမှာ အေအေတပ်သား ၄ ဦးက ဒေသန္တရမိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဇွန် ၃ဝ နေ့က တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA) သို့ ဆက်သွယ်မေးမြန်းပါက ဥပဒေကြောင်းအရ အရေးယူခံရနိုင်သဖြင့် အဆိုပါ ကိစ္စကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။ 

၎င်းအပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းတို့အား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။ 


ဆက်စပ် သတင်းများ