ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် မိုင်းပေါက်ကွဲ၍ အရပ်သားနှစ်ဦးသေ၊ တစ်ဦးဒဏ်ရာအပြင်းအထန်းရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 7k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၃ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာအပြင်အထန်းရရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ နှစ်ဦးမှာ ဦးမောင်တင် (၆ဝ) နှစ်နှင့် ကိုဆူပါချေ (၂၈) နှစ်တို့ဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားသူမှာ ဦးဆန်းဝင်း (၄၈) နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့မှာ အမ်းမြို့နယ်၊ ကဇူကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာမှ ဖြစ်ကြသည်။

ဖြစ်စဉ်မှာ ယမန်နေ့ မနက် ၇ နာရီခန့်က ဦးမောင်တင်သည် ဂျိတ်ချောင်းကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာတွင်ရှိသော မိမိ၏ ဥယျာဉ်ခြံသို့ ဒညှင်းသီးဆွတ်ခူးရန်သွားစဉ် ပြန်မရောက်သဖြင့် မိသားစုဝင်များနှင့် ကျေးရွာသားများက ယနေ့ နေ့လယ် ၁ နာရီခန့်က လိုက်လံရှာဖွေကြရာ ၎င်းကို မိုင်းပေါက်ကွဲ၍ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

နောက်ထပ် မိုင်းတစ်လုံးမှာ ဦးမောင်တင် သူ့သေဆုံးနေသော နေရာအနီးတွင် ထပ်မံပေါက်ကွဲသဖြင့် ဦးတင်မောင်အား လိုက်ရှာရာတွင် ပါဝင်သူ အမျိုးနှစ်ဦးဖြစ်ကြသည့် ဦးဆန်းဝင်းနှင့် ကိုဆူပါချေတို့တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။

၎င်းဒဏ်ရာရသူ နှစ်ဦးအား ကျေးရွာသားများက ဆေးကုသရန် သယ်ဆောင်လာစဉ် ကိုဆူပါချေမှာ ကျေးရွာသို့ မရောက်မီ လမ်းခရီးတွင် သေဆုံးသွားကြောင်း သိရှိရသည်။

ကဇူကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်သန်းမောင်က “ ဦးမောင်တင်ဆိုတဲ့လူက မနေ့က သူ့ဥယျာဉ်ကို ဒညှင်းသီးဆွတ်ခူးဖို့ဆိုပြီးသွားတာ။ သူ့ပြန်မရောက်လို့ ဒီနေ့ နေ့ခင်းက ရွာသားတွေက သွားရှာတဲ့အခါ ဥယျာဉ်နှင့် အနီးတဝိုက်နားမှာ မိုင်းပေါက်ကွဲပြီး သေဆုံးနေတယ်လို့ သတင်းရတယ်။ သူ့အလောင်းနားမှာဘဲ နောက်ထပ်မိုင်းတစ်လုံးပေါက်ကွဲလို့ နှစ်ဦးဒဏ်ရာရတယ်။ တစ်ဦးကတော့ သယ်ဆောင်လာစဉ် ရွာနားကို မရောက်ခင် လမ်းမှာသေဆုံးသွားတယ်။ နောက်ထပ်ဒဏ်ရာရထားတဲ့ တစ်ယောက်ကတော့ အမ်းမြို့ စစ်ဆေးရုံးမှာ ဆေးကုသမှုခံယူနေတယ်လို့ သတင်းရတယ်” ဟု ပြောသည်။

၄င်းနေရာအနီးတစ်ဝိုက်တွင် တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိသဖြင့် ကျေးရွာသားအများစုမှာ ကြောက်လန့်ပြီး နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင်  စစ်ဘေးရှောင်နေကြကြောင်း သိရှိရသည်။

အမ်းမြို့နယ်မှ လူမှုရေးလုပ်ဆောင်နေသူတစ်ဦးဖြစ်သူ ကိုမျိုးလွင်က “ ဖြစ်တာကတော့ ညကနေစဖြစ်တာ။ ဒညှင်းသီးဆွတ်ဖို့ဆိုပြီး တစ်ယောက်က ဥယျာဉ်ထဲသို့သွားတယ်။ သူက မနေ့က မနက် ၇ နာရီလောက်ကနေသွားတာ ၉ နာရီလောက်မှာ ပေါက်ကွဲသံတစ်ခုကြားလိုက်တယ်လို့ ရွာသားတွေက ပြောတယ်။ အဲဒီဒေသမှာ ပေါက်ကွဲသံတွေက အမြဲလိုလိုကြားနေရတဲ့အတွက် ရွာသားတွေကလည်း သတိမထားကြတော့ဘူး။ သူ့ပြန်မရောက်တာကြာလို့ ဒီနေ့သွားရှာတဲ့အချိန်မှာ မိုင်းပေါက်လို့ သေဆုံးနေတဲ့ သူ့အလောင်းကိုတွေ့တယ်။ သူ့အလောင်းကို သယ်ယူဖို့လုပ်နေတဲ့အချိန်ကာလမှာ အဲဒီအနီးမှာ မိုင်းတစ်လုံး ထပ်မံကွဲတယ်။ မိုင်းထပ်မံပေါက်ကွဲတဲ့အတွက် နှစ်ယောက်ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး တစ်ယောက်သေဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ စစ်ဆေးရုံးမှာ ဆေးကုသမှု ခံယူနေတယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခင်ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အမ်းမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းသို့ ဆက်သွယ်ရာ ယင်းမိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍  မသိရှိရသေးကြောင်း၊ ၄င်းနေရာတွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်စပ် သတင်းများ