ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းနင်း၍ အမျိုးသမီးငယ်တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8k

ဆောင်းဇာခြည်

နိရဥ္စရာ၊ စက်တင်ဘာ ၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာအနီး ယနေ့ နံနက် ၇ နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သတင်းရရှိသည်။

သမီး မဦးစိုး (၁၈) နှစ်သည် သူမ၏ ဆွေမျိုးများနှင့်အတူ တောင်သို့ မျှစ်ချိုးရန်သွားစဉ် လမ်း၌ မိုင်းနင်းမိကာ ဒဏ်ရာအပြင်းအထန် ရရှိသွားခြင်းဖြစ်ကြောင်း မိခင် ဖြစ်သူ ဒေါ်နေစိုးက ပြောသည်။

ဒေါ်နေစိုးက “သူက အမျိုးတွေနဲ့ မျှစ်ချိုးဖို့သွားတာ။ ကျွန်မတို့က အိမ်မှာ ကျန်ခဲ့တယ်။ အဲဒီမှာ မျှစ်ချိုးနေတာ သူတစ်ယောက်တည်း နောက်ကကျန်ခဲ့တယ်ပေါ့။ သူနဲ့အတူပါတဲ့ တခြားသူတွေက သူ့အရှေ့မှာ ရောက်သွား ကြပြီ။ အဲဒီမှာ သူနင်းလိုက်တာ။ ခါတိုင်းလည်း အဲဒီလမ်းက လူတွေ သွားနေကြတာပါ။ မိုင်းက မနေ့ကမှ ထောင်လိုက်တာနဲ့ တူပါတယ်။ ဘယ်သူထောင်တယ်မသိဘူး။ အဲဒီ သူတို့ မျှစ်သွားချိုးတဲ့ တောင်ပေါ်မှာ စစ်သားတွေ အများကြီး စခန်းချနေကြပါတယ်။ စစ်သားတွေရှိတယ်ဆိုပေမယ့် ကျွန်မတို့က ထမင်းစားဖို့ အဲဒီလို ရှာစားရတယ်။ မသွားဘဲနေပြန်ရင်လည်း ကလေးတွေထမင်းငတ်ကုန်ကြမယ်” ဟု နိရဥ္စရာသို့ ပြောသည်။

သမီး မဦးစိုးသည် ဗုဒ္ဓေါကျေးရွာမှ ဦးမောင်စောဖြူနှင့် ဒေါ်နေစိုးတို့၏ သမီးဖြစ်သည်။

မဦးစိုး၏ ညာဘက် ဒူးအောက်က ခြေမှာ ပိုင်းသွားကြောင်း၊ လက်နှစ်ဘက်လုံးတွင်လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း မိခင်ဖြစ်သူက ဆက်ပြောသည်။

ဗုဒ္ဓေါကျေးရွာ၏ အနောက်ဘက် ၄ ဖာလုံခန့်အကွာရှိ တောလမ်းတစ်ခုတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း၊ အဆိုပါ တပ်မတော်သားများနေထိုင်သည့် တောင်မှာ ယင်းဗုဒ္ဓေါကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာတွင် တည်ရှိကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်က ပြောသည်။

ဦးထွန်းမောင်က “ခြေက ဒူးအောက်ကနေ လုံးဝ ပြတ်သွားတယ်။ လက်တွေမှာလည်း ဒဏ်ရာရသွားတယ်။ အခုက သူ့ကို ယိုးတရုပ်က နာရေးကားနဲ့ ပုဏ္ဏားကျွန်းဆေးရုံကို ယူလာခဲ့တာ။ ဒီကတစ်ဆင့် စစ်တွေဆေးရုံကို ပြောင်းရမယ်” ဟု နိရဥ္စရာသို့ ပြောသည်။

မဦးစိုး၏ ဒဏ်ရာအခြေနေမှာ စိုးရိမ်ရသဖြင့် ပုဏ္ဏားကျွန်းဆေးရုံမှ စစ်တွေဆေးရုံသို့ ပို့ဆောင်လျှင် လမ်း၌ အစစ်အဆေးရှိလျှင် အချိန်ကြာမည်စိုး၍ တာဝန်ရှိသူများ၏ လက်မှတ်အထောက်အထားများ ယူရန် လုပ်ဆောင် နေကြောင်း ဦးထွန်းမောင်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျှက်ရှိပြီး ယင်းရောဂါကို ပြည်သူများ စိုးရိမ်နေကြမည့် အစား လက်နက်ကျည်ကျ၊ မိုင်းနင်းမိပြီး သေဆုံးရမည်ကို ပို၍ ကြောက်လန့်စိုးရိမ်လျှက်ရှိကြသည်ကို တွေ့ရှိရသည်။



ဆက်စပ် သတင်းများ