စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းနင်းမိ၍ မြိုအမျိုးသမီးငယ်တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ အောက်တိုဘာ ၉ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာ၏ အနောက်ဖက် ၁ မိုင်ခန့်အကွာတွင် ယနေ့ နေ့လယ် ၁ နာရီကျော်အချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး  ဗန်းဗွီးကျေးရွာမှ မြိုလူမျိုး အမျိုးသမီးတစ်ဦးသေဆုံးကာ၊ နောက် မြိုအမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဦးမောင်ဖြူထွန်း၏သမီး မဆန်းဆန်းအေး အသက် (၁၉) နှစ်ဖြစ်ပြီး မိုင်းပေါက်ကွဲသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူ ဦးစိန်မောင်၏ ဇနီးမထွီး(၃ဝ)နှစ်ဖြစ်ပြီး လက်မောင်းတွင် ဒဏ်ရာရကာ  ဦးမောင်တုတ်ကြီး၏ သမီး မလပြည့်မ (၂ဝ)နှစ်တွင် မျက်နှာတွင် ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်း ဦးသန်းမောင်က ပြောသည်။

ကျေးရွာသားတစ်ဦးက“ဖျဉ်ဥ (ခ) ဝဥတူးဖို့သွားတဲ့အချိန်မှာ မိုင်းနင်းမိလို့ အခု သေဆုံး သွားသူရဲ့ ညာဘက် ခြေထောက်ပြတ်ထွက်သွားတယ်။ ဒဏ်ရာတွေကတော့ အများကြီးပါ။ အဲဒီမိုင်းပေါက်ကွဲတဲ့ နေရာမှာဘဲ သေဆုံးသွားတယ်။ ဖျဉ်ဥတူးဖို့သွားတဲ့အချိန်မှာတော့သူတစ်ယောက်တည်း မဟုတ်ဘူး။ အဖော်တွေလည်း ပါတယ်။ ယောကျာ်း ၂ ယောက်၊ မိန်းမ ၄ ယောက် သွားကြတာပါ” ဟုပြောသည်။

ယခုမိုင်းပေါက်ကွဲသော နေရာအနီးတဝိုက်တွင် ပြီးခဲ့သော ၂ဝ၁၉ ခုနှစ်အတွင်းက တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သော နေရာဖြစ်ကြောင်း ဗန်းဗွီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမောင်က ပြောသည်။

ဦးသန်းမောင်က “ သေဆုံးသွားတဲ့အမျိုးသမီးမှာတော့ ညာဘက်ခြေထောက်ပြတ်ထွက်သွားတယ်။ နောက်တစ်ယောက်မှာလည်း လက်မောင်းမှာ ဒဏ်ရာရသွားတယ်။ နောက်အမျိုးသမီးငယ်တစ်ယောက်မှာ မျက်နှာမှာ ဒဏ်ရာအနည်းငယ်ရသွားတယ်။ အဲဒီနေရာအနီးအနားမှာ ၂ဝ၁၉ ခုနှစ်က တိုက်ပွဲဖြစ်တာတွေ ရှိခဲ့တယ်။ အဲဒီနားက တောင်တန်းတွေပေါ်မှာ တပ်မတော်သားတွေ စခန်းချနေထိုင်တာတွေလည်း ရှိခဲ့တယ်။” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က မိုင်းပေါက်ကွဲ၍ မြိုအမျိုးသမီး တစ်ဦးသေဆုံးသွားခြင်းမှာ ဟုတ်မှန်ကြောင်း နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ဆက်စပ် သတင်းများ