- Web Master
- ၂၃ မတ် ၂၀၂၄
ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၃/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ နတ်မော်ကျေးရွာမှ ဒေသခံသက်ကြီးတစ်ဦး ယနေ့ နံနက်ပိုင်းက မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သတင်းရရှိသည်။
အဆိုပါ ဒေသခံသက်ကြီးမှာ ဒါးလက်အုပ်စု၊ နတ်မော်ကျေးရွာမှ အသက် ၇၂ နှစ်အရွယ် ဦးဖေဝင်းဖြစ်သည်။
၄င်းမှာ ယနေ့ နံနက် ၈ နာရီခန့်က သူ့၏ စိုက်ခင်းသို့ သွားစဉ် ယင်းစိုက်ခင်းအနီး မိုင်းနင်းမိကာ ဒဏ်ရာ အပြင်းအထန်ရရှိသွားခြင်းဖြစ်ကြောင်း မိုင်းနင်းမိသူ၏ ယောက်ဖတော်စပ်သူ ဦးခင်မောင်ဝင်းက ပြောသည်။
“ဒဏ်ရာက လည်ပင်းအနားမှာ မိုင်းက အစ ဝင်သွားတယ်။ ပြီးတော့ ညာဘက်ခြေ ဒူးအောက်ကနေ ဖြတ်လိုက်ရတယ်။ ရွာနားက စိုက်ခင်းဆီကို သွားတာ။ အဲဒီစိုက်ခင်းအနားမှာပဲ မိုင်းနင်းမိတာပါ။ သူ့ကို အမ်းဆေးရုံတင်မလို့ဆိုပြီး စစ်တပ်ကို အကြောင်းကြားတော့ စစ်သားတွေက လမ်းတွေပိတ်ထားတဲ့ အတွက်ကြောင့် သွားလို့မရဘူး၊ ဒီမှာကုမယ်ဆိုပြီးတော့ ခေါ်ပါတယ်။ အဲဒီမှာ ဆေးကုသပေးနေကြပါတယ်။ မိသားစုဝင်တွေ အကုန်လုံးလည်း အဲဒီဆေးကုတဲ့နေရာမှာပဲ ရှိပါတယ်။” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။
ဒါးလက်အုပ်စုရှိ အလယ်ကျွန်းကျေးရွာအနီး ဘုရားကြီးတောင်တွင် တပ်စွဲနေထိုင်သည့် တပ်မတော်သားများက အဆိုပါ မိုင်းနင်းမိသူအား ဆေးကုသပေးလျှက်ရှိကြောင်း အမ်းမြို့မှ လူမှုရေးလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။
“အဲဒီမိုင်းနင်းမိတဲ့လူကို ဘုရားကြီးတောင်မှာ နေတဲ့ တပ်မတော်သားတွေက ခေါ်ပြီး ဆေးကုသပေးနေတယ်လို့ သိတယ်။ အဲဒီတောင်မှာ ဓမ္မာရုံတွေ ရှိတယ်ပေါ့။ အဲဒီအထဲမှာ ကုသပေးနေတာလို့ သိရတယ်။ ဘာကြောင့် သူတို့က ဆေးကုသပေးနေရတာလဲဆိုတာက စဉ်းစားစရာ တစ်ခုဖြစ်တယ်။ အမ်းဆေးရုံကို မပို့ဘဲ အဲဒီနေရာမှာ ဆေးကုပေးနေတယ်ဆိုတာက နည်းနည်းတော့ စဉ်းစားစရာပါ ” ဟု ကိုမျိုးလွင်က နိရဥ္စရာသို့ ပြောသည်။
မိုင်းနင်းမိသူအား ယင်းတောင်ပေါ်တွင် ဆေးကုသပေးနေသည့်နောက် အဆိုပါ ဘုရားကြီးတောင် အနီး တဝိုက်တွင် တပ်မတော်သားများ လုံခြုံရေးအများအပြားချထားကြောင်းလည်း သူက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၄င်းအနေဖြင့် ယင်းသတင်းအား မသိရသေးကြောင်း ပြောသည်။