သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဂွ ကျိန္တလီတွင် ဟင်းသွားရှာရမှ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်ထွက်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 585

သဉ္ဇာနွယ်

နိရဉ္စရာ၊ ဩဂုတ် ၃/ ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်တွင် ဟင်းသွားရှာရမှ အမျိူးသားတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း သတင်းရရှိသည်။

မိုင်းနင်းမိသူမှာ ကျိန္တလီမြို့နယ်၊ ပုန်းညက်ရွာမှ ဦးကိုကြီး (၄၁)နှစ်ဖြစ်သည်။

ဦးကိုကြီးသည် ယမန်နေ့၊ ဩဂုတ် ၂ ရက်က ပုန်းညက်ရွာမှ ကျိန္တလီမြို့အနီးမော်ဖျားသို့ ဟင်းသွားရှာစဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ညာဘက်ခြေထောက် ပြတ်ထွက်သွားခြင်းဖြစ်ကြောင်း ဂွမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"ဒေသခံအများစု လက်လုပ်လက်စားတွေက စားဝတ်‌နေရေး ကျပ်တည်းလာတော့ ပင်လယ်မော်ဖျားနားကို ဟင်းတွေရှာ၊ မှိုရှာဖို့သွားကြတယ်။ အဲ့ဒီအချိန်မှာ မိုင်းနင်းမိသွားတာပါ" ဟုပြောသည်။

ဒဏ်ရာရရှိသူကို ဂွမြို့နယ်၊ ဆပ်သွားဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသရန်အတွက် ငွေကြေးများလိုအပ်နေကြောင်း ဂွမြို့မှ လူမှုရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

"ကျိန္တလီမှာ ဆရာဝန်တွေမရှိတော့ ဆပ်သွားဆေးရုံကို ပို့ထားရတယ်။ မိသားစုက စားဝတ်နေရေးကျပ်တည်းတော့ ဆေးကုသဖို့စရိတ်တွေက မရှိဘူးလေ။ ဒါကြောင့် ရှိတဲ့လူတွေက တတ်နိုင်သလောက်လှူပေးဖို့တောင်းဆိုပါတယ်"ဟုပြောသည်။ 

ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းကလည်း ကျိန္တလီမြို့အနီး သဖန်းကွင်းအနောက်ဘက်ကြော တောထဲတွင် ဒညင်းသီးခူးရန်သွားရောက်သည့် အမျိုးသားတစ်ဦး ရွာသို့အပြန်တွင် မိုင်းနင်းမိကာသေဆုံးခဲ့ကြောင်း ကျိန္တလီမြို့ခံတစ်ဦးက ပြောသည်။

ကျိန္တလီမြို့တွင် ဇူလိုင်လ ၂ ရက်ကလည်း ဒေသခံတစ်ဦးတောထဲဟင်းရှာထွက်စဥ် မိုင်းနင်းမိပြီး ခြေထောက်ပြတ်တောက်သွားသလို ဇူလိုင်လ ၈ ရက်ကလည်း ဟင်းရှာသွားသည့် မြို့ခံတစ်ဦး မိုင်းနင်းမိပြီးခြေထောက်ပြတ်တောက်ခဲ့သည်။

ဓာတ်ပုံ - Thet Lwin Phyo

ဆက်စပ် သတင်းများ