အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ရခိုင်ကမ်းရိုးတန်းတွင် ၃၆ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်၍ ရေယာဉ်လိုင်းများကိုရပ်နားထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

နိရဥ္စရာ၊ သြဂုတ် ၁၈/၂၀၂၂
ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် နောက်ထပ် ၃၆ နာရီအတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်လာသည့်အတွက် ရေယာဉ်လိုင်းများကို ရပ်နားထားရကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သြဂုတ်လ ၁၈ ရက်၊ နံနက် ၁၀ နာရီခွဲတွင် ထုတ်ပြန်ထားသည်။
၎င်းလေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း ပိုမို အားကောင်းလာနိုင်ပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)အဖြစ်သို့ရောက်ရှိလာနိုင်ကာ ၃၆ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ရောက်လာနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ကမ်းရိုးတန်းကို အခြေပြု ပြေးဆွဲနေသည့် စစ်တွေ-ကျောက်ဖြူ-တောင်ကုတ်-မာန်အောင်စသည့် ခရီးစဉ်များကို ယနေ့မှစတင်ကာ မနက်ဖြန် သြဂုတ်လ ၁၉ ရက်အထိ ရပ်နားထားလိုက်ပြီဟု ရွှေပြည်တန်အမြန်ရယာဉ်လိုင်း မန်နေဂျာ ဦးစံမော်သိန်းက နိရဥ္စရာကိုပြောသည်။
"အဓိကကတော့ ရာသီဥတုကြမ်းလို့ပေါ့” ဟုပြောသည်။
မနက်ဖြန် သြဂုတ်လ ၁၉ ရက်တွင် စစ်တွေ-ဘူးသီးတောင်နှင့် စစ်တွေ-မြောက်ဦး ခရီးစဉ်များကို ရာသီဥတု အခြေအနေအရ ကြည့်၍ထွက်ဖြစ်မည်ဟု ဆက်ပြောသည်။
လေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏ အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေသည်ဟု မိုး/ဇလထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ဆိုထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်သည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်ဟုလည်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရခိုင်ကမ်းရိုးတန်းဒေသရှိ မြို့နယ်များတွင် လေပြင်းများတိုက်ခတ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။ (NN-3)

ဆက်စပ် သတင်းများ