ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ဘင်္ဂလာပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ် စစ်တွေမြို့ အနောက်တောင်ဘက် ရေမိုင်(၂၀၅)မိုင်ခန့်ကို ဗဟိုပြုနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.3k

နိရဉ္စရာ၊ စက်တင်ဘာ ၂၅/ ၂၀၂၁
ဘင်္ဂလာပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် စစ်တွေမြို့ အနောက်တောင်ဘက် ရေမိုင်(၂၀၅)မိုင်ခန့်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ နံနက်က ၁၁ နာရီက သတင်းထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိ အချိန်တွင် ၎င်းမုန်တိုင်းသည် စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင်(၂၀၅)မိုင်ခန့်၊ ဂွ မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၈၀) မိုင်ခန့်၊ ဟိုင်းကြီး ကျွန်း၏ အနောက်မြောက်ဘက် ရေမိုင်(၃၀၀)မိုင်ခန့်ကို ဗဟိုပြုနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။
သို့သော်လည်း ၎င်း အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်ဟု သိရသည်။
၎င်းမုန်တိုင်းမှာ အိန္ဒိယနိုင်ငံဘက်သို့ ရွှေ့လျားနေပြီး ပါရာဒစ်ရှ်(Paradip) မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၂၁၀) မိုင်ခန့်နှင့် ဂိုလ်ပါပူ(Gopalpur)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၂၈၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေဟုဆိုသည်။
အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာမှာ မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၈.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၇) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ