ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိပြီး အနောက်မြောက်ဘက်သို့ရွှေ့လျားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

နိရဉ္စရာ၊ မေ ၈/၂၀၂၂ (မိုးလေဝသ)
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ယခုအခါ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိလာကာ အနောက်မြောက်ဘက်သို့ရွှေ့လျားနေကြောင်းသိရသည်။
“အာစန်နီ(Asani)” အမည်ပေးထားသော ၎င်းမုန်တိုင်းသည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင်(၃၀၅)မိုင် ခန့်နှင့် ဟိုင်းကြီးကျွန်း မြို့(Hainggyikyun)၏ အနောက်တောင်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်ကို ကိုးကားပြီးသတင်းထုတ်ပြန်သည်။
၎င်းဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ(Asani)” သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်ဘက် ရေမိုင်(၂၂၅)မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ အရှေ့တောင်ဘက် ရေမိုင်(၄၉၅)မိုင်ခန့်၊ ပူရီမြို့(Puri)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၅၂၅)မိုင်ခန့် အကွာတွင် တည်ရှိနေသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။
နက်ဖြန်နံနက်အထိခန့်မှန်းချက်ကို မိုးဇလက ဖော်ပြရာတွင် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ် နိုင်ကြောင်း၊ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း ဖော်ပြထားသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါဟုဆိုသည်။

ဆက်စပ် သတင်းများ