သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်တွင် မုန်တိုင်းသတိပေးမှု အဆင့် (၂)ကို ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k


နိရဉ္စရာ၊ မေ ၈/၂၀၂၂ (မိုးလေ၀သ)
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “အာစနီ” အဖြစ်သို့ ရောက်ရှိလာနေပြီဖြစ်သဖြင့် ဘင်္ဂလာအာဏာပိုင်များက ရေကြောင်းနှင့် ဆိပ်ကမ်းများကို သတိပေးချက် အမှတ် ၂ ကိုထုတ်ပြန်ထားကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော၎င်းမုန်တိုင်းသည် အနောက်မြောက် ဘက်သို့ ရွေ့လျားကာ ပိုမိုအားကောင်းလာပြီး အဆိုပါ ဒေသကိုဖြတ်၍ ဆိုင်ကလုန်းမုန်တိုင်း “အာစနီ” အဖြစ်သို့ ရောက်ရှိ လာသည်ဟု UNB သတင်းဌာနက သတင်းဖော်ပြသည်။
တနင်္ဂနွေနေ့ နံနက် ၆ နာရီတွင် စစ်တကောင်းဆိပ်ကမ်း၏ အနောက် တောင်ဘက် ၁၂၅၅ ကီလိုမီတာ၊ ကော့ဘဇားဆိပ်ကမ်း၏ အနောက် တောင်ဘက် ၁၁၇၅ ကီလိုမီတာကို ဗဟိုပြုခဲ့သည်ဟု ဆိုသည်။
၎င်းမုန်တိုင်းသည် ပိုမိုအားကောင်းလာကာ အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ခြေရှိကြောင်း မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်းဗဟိုချက်မှ ၅၄ ကီလိုမီတာအတွင်း အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၆၂ ကီလိုမီတာမှ ၈၈ ကီလိုမီတာအထိ မြင့်တက်လာသည်။ ဆိုင်ကလုန်းဗဟိုချက်အနီးတွင် ပင်လယ်ရေသည် အလွန်လှိုင်းထန်နေပြီး စစ်တကောင်း၊ ကော့စ်ဘဇားနှင့် ပင်လယ်ကမ်းခြေ တလျှောက်တွင်ရေကြောင်းသတိပေးချက်အမှတ် ၁ အစား အမှတ် ၂ ကို လွှင့်ထူလိုက်ပြီဟု သိရသည်။
ဘင်္ဂလာပင်လယ်အော်နှင့် ပင်လယ်ရေနက်ပိုင်းရှိ ငါးဖမ်းလှေများနှင့် ငါးဖမ်း သင်္ဘောများအားလုံးကို ကမ်းရိုးတန်းအနီးတွင် ရှိနေကြရန်နှင့် သတိဖြင့် ဆက်လက်လုပ်ဆောင်ရန် အကြံပြုထားသည်ဟုသတင်းတွင်ဖော်ပြထာသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မုန်တိုင်းအဆင့်ကို အလံအရောင်များဖြင့် သတ်မှတ်ထားပြီး ယခုအခါ ဒုတိယ အဆင့်အလံကို ပင်လယ်ကမ်းခြေ တလျှောက်တွင် ထောင်ထားပြီး သတိပေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ