သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မုန်တိုင်းအာစန်နီအရှိန်ကြောင့် ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ မိုးကြီးနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 5.6k

နိရဥ္စရာ၊ မေ ၉/၂၀၂၂
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းငယ် အာစန်နီ၏အရှိန်ကြောင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါမုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်ဟု မိုး/ဇလဌာန၏ ယနေ့ မေလ ၉ ရက် နံနက် ၇ နာရီအချိန်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
ယင်းမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကမ်းရိုးတန်းတစ်လျှောက်နေပြည်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးတို့ကို ဂရုပြုကြရန်လည်း မိုး/ဇလက တိုက်တွန်းထားသည်။
မုန်တိုင်းငယ် အာစန်နီသည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် အားကောင်းသောမုန်တိုင်းငယ်အဖြစ် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ကာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ရောက်ရှိခဲ့သည်ဟု သိရသည်။
အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၄၀)မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့ (Vishakhapatnam)၏ အရှေ့တောင်ဘက် ရေမိုင်(၃၄၅)မိုင်ခန့်၊ ပူရီမြို့(Puri)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၉၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၆၀)မိုင်ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၄၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။
လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်သည့်အတွက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားသည်။
(NN-7)

ဆက်စပ် သတင်းများ