သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်ဟု မိုး/ဇလထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.8k

နိရဥ္စရာ၊ သြဂုတ် ၉ /၂ဝ၂၂
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် နောက်ထပ် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
ယနေ့ သြဂုတ်လ ၉ ရက် နံနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေ-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ရောက်ရှိပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား၍ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
လက်ရှိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ညနေအထိ ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးအချို့နှင့် ပြည်နယ်အချို့တွင် ဒေသအလိုက်မိုးရွာသွန်းနိုင်ပြီး နောက် (၂)ရက်အတွင်းခန့်မှန်းချက်မှာ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်၍ လှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ သံတွဲတို့အပါအဝင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိမြို့အများအပြားတွင် မိုးရွာသွန်းလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ