စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်၍ ရေယာဉ်များနှင့် ငါးဖမ်းစက်လှေများ ပြေးဆွဲခြင်းမပြုကြရန် မိုး/ဇလ သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.8k

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/ ၂၀၂၁
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၄၈ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်၍ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ငါးဖမ်းစက်လှေများနှင့် ရေယာဉ်လိုင်းများအနေဖြင့် ပြေးဆွဲခြင်းမပြုကြရန် ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးလိုက်သည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတို့တွင် စက်တင်ဘာလ ၁ဝ ရက်မှစတင်ဖြစ်ပေါ်နေခြင်းဖြစ်သည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားကာ နောက်ထပ်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည့်အတွက် ယခုကဲ့သို့ ပြေးဆွဲခြင်းမပြုကြရန်လိုသည်ဟု ရခိုင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးထွန်းအေးကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“ရခိုင်ကမ်းရိုးတန်းတစ်လျှောက်က ငါးဖမ်းစက်လှေတွေကို ဒီ ၂ ရက်အတွင်း အန္တရာယ်များလို့ သတိထားဖို့လိုပါတယ်။ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ကျနော်အသိပေးချင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ ကမ်းနီး၊ ကမ်းဝေးသင်္ဘောတွေ၊ ငါးဖမ်းစက်လှေတွေ၊ ကမ်းနီးကမ်းဝေးအပြင် အတွင်းဘက်မှာသွားနေတဲ့ ပေါက်တောတို့၊ မြေပုံတို့့ ရသေ့တောင်သွားနေတဲ့ဟာတွေဆို အန္တရာယ်ရှိတယ်။”ဟု ပြောသည်။
လက်ရှိဖြစ်ပေါ်နေသည့် အဆိုပါလေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်သည်ဟု မိုး/ဇလက ယနေ့ စက်တင်ဘာလ ၁၁ ရက် ညနေ ၄ နာရီအချိန်တွင် ထုတ်ပြန်ထားသည်။
ယင်းအပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်မည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်အထိရှိနိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။

10 Comments

ဆက်စပ် သတင်းများ