ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ၁ဝ ရက်အတွင်း မိုးကြိုးပစ်ခံရ၍ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.7k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၁
ရခိုင်ပြည်နယ်တွင် ၁ဝ ရက်အတွင်း မိုးကြိုးပစ်ခံရ၍ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၂ ရက်မှ ၁၁ ရက်အထိ ၁ဝ ရက်အတွင်းဖြစ်ပွားခဲ့သည့် မိုးကြိုးပစ်မှုဖြစ်စဉ်များအတွင်း ယခုကဲ့သို့ သေဆုံး၊ ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။
မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူများမှာ အောက်တိုဘာလ ၂ ရက်တွင် ကျောက်တော်မြို့နယ်၊ ပေါက်တောကျေးရွာမှ အသက် ၆ဝ ကျော်အမျိုးသား ၁ ဦးနှင့် ခေါင်းတုတ်ကျေးရွာမှ လူငယ် ၁ ဦး၊ အောက်တိုဘာလ ၆ ရက် နေ့လယ် ၃ နာရီခန့်က သံတွဲမြို့မှ ဝါးရောင်း၍ ပြန်လာသည့် သံတွဲမြို့နယ် ကညင်ကုန်းအုပ်စု၊ ရွာရှည်ကျေးရွာမှ သားမိသားဖ ၃ ဦး၊ အောက်တိုဘာလ ၁၁ ရက် ညနေ ၆ နာရီခန့်က မင်းပြားမြို့နယ်၊ မြောင်ချောင်းကျေးရွာမှ အသက် ၅ဝ ကျော်အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၆ ဦးဖြစ်သည်။
ဒဏ်ရာရသူများမှာ အောက်တိုဘာလ ၂ ရက်က မင်းပြားမြို့နယ်၊ မင်းရွာကျေးရွာမှ ၃၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အောက်တိုဘာလ ၆ ရက်က သံတွဲတွင် ဝါးရောင်း၍ပြန်လာစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည့် မိသားစုဝင် ၃ ဦး၌ကျန်ခဲ့သည့် နောက်ထပ်မိသားစုဝင်ကလေးတစ်ဦးတို့ဖြစ်သည်။
လက်ရှိတွင် အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ ပထမပတ်မှစတင်ကာ ရခိုင်ပြည်နယ်မှ ပြန်လည်ဆုတ်ခွာနေပြီဖြစ်၍ ရာသီဥတုပူပြင်းနေပြီး မိုုးကြိုးအန္တရာယ်ကို အထူးသတိထားကြရန် ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးထွန်းအေးကျော်က နိရဥ္စရာကို ပြောသည်။
"မုတ်သုန်ဆုတ်သွားတဲ့အချိန်မှာ အရှေ့မြောက်ဘက်က လေအေးတွေဝင်လာတယ်။ ဒီဘက်ပင်လယ်ထဲမှာက Warming ဖြစ်နေတယ်။ အအေးနဲ့အပူနဲ့တွေ့တော့ ထစ်ချုန်းမိုးနဲ့ မိုးကြိုးပစ်တဲ့ဖြစ်စဉ်တွေကို သတိထားရမယ်။ ကျွန်တော်တို့ရခိုင်မှာ တအားပူနေတယ်"ဟု ပြောသည်။
အောက်တိုဘာလ ၁၀ ရက်က မိုးကြိုးပစ်ခတ်မှုကြောင့် မင်းပြားမြို့နယ် အိုင်ဝန်းကျေးရွာမှ အိမ်တစ်အိမ်တွင်လည်း လျှပ်စစ်စက်ကွင်းမိ၍ တီဗွီ ၂ လုံးနှင့် ဖုန်းတစ်လုံးပျက်စီးသွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂ ရက်ကဖြစ်ပွားခဲ့သည့်မိုးကြိုးပစ်မှုဖြစ်စဉ်အတွင်းတွင်လည်း မြောက်ဦးမြို့ ညောင်ပင်စျေးရပ်ကွက်မှ သမိုင်းဝင် ဟရီတောင်စေတီတော် မိုးကြိုးထိမှန်၍ စေတီတော်အထက်ပိုင်းတွင် ၄ဝ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့သည်။ ယင်းနေ့တွင် ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်မှ နေအိမ်တစ်လုံးလည်း မိုးကြိုးထိမှန်၍ အနည်းငယ်ပျက်စီးသွားခဲ့သည်။
ပြည်သူများအနေဖြင့် လျှပ်စီးလက်နေချိန်တွင် TV ဖွင့်ခြင်း၊ အင်တာနက်သုံးခြင်းများ၊ Wifi စက်များဖွင့်ထားခြင်း၊ ဖုန်းပြောခြင်းများ၊ လယ်ယာစိုက်ခင်းနှင့် ကွင်းပြင်နေရာများသို့သွားလာခြင်းများကို အထူးသတိထားရန်လိုအပ်ကြောင်း မိုး/ဇလဌာနက အကြံပြုထားသည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် နောက်ထပ်(၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နို်င်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ အောက်တိုဘာလ (၁၃)ရက် နံနက် ၁၀ နာရီတွင် ထုတ်ပြန်ထားသည်။
သို့သော် ယင်းလေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းဖြစ်လာလျှင်လည်း ရခိုင်ဘက်သို့ဦးတည်လာနိုင်သည့်အနေအထားမရှိကြောင်း ပြည်နယ် မိုး/ဇလဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးထွန်းအေးကျော်က နိရဥ္စရာကို ပြောသည်။
ဓာတ်ပုံ - အောက်တိုဘာ ၁၁ ရက်က မင်းပြားမြို့နယ်၊ မြောင်ချောင်းကျေးရွာမှ မိုးကြိုးပစ်ခံရ၍သေဆုံးသွားသည့် အမျိုးသမီးအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ