ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ငှက်ပျောချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦး မိုင်းထိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 303

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၁၈/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်း၊ ငှက်ပျောချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦး ယနေ့ နေ့လယ်က မိုင်းနင်းမိပြီး ကျောက်တော်ဆေးရုံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါမိုင်းနင်းမိခဲ့သူမှာ မြိုလူမျိုး ဦးအင်္ဂါနီ၏သမီး မခိုင်စိုးရီ(၃၁) နှစ်ဖြစ်သည်။

သူမသည် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ကျေးရွာအနောက်ဘက် တစ်မိုင်ခန့်ဝေးသည့် တောစပ်သို့ ဟင်းရှာ ဟင်းခူးသွားစဉ် ထိုသို့ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကြာဇံ က နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

“သူက တောထဲကို ဝါးတုတ် (မျှစ်) ခူးဖို့သွားတဲ့အချိန်မှာ မိုင်းနင်းမိတာပါ။ အဲဒီမိုင်းက ဘယ်သူထောင်တယ်ဆိုတာ ကျနော်တို့လည်း မပြောနိုင်ဘူး။ ခြေလက်တွေမှာ ဒဏ်ရာရသွားလို့ အခုသူကို ကျောက်တော်ဆေးရုံကို ပို့ထားပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကြာဇံက ပြောသည်။

မိုင်းနင်းမိပြီး မခိုင်စိုးရီမှာ ဘယ်ဘက်လက်နှင့် ခြေထောက်နှစ်ဘက်လုံးတွင်ဒဏ်ရာများ ရရှိသွားပြီး လက်ရှိတွင် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ လက်ရှိတွင် ဒဏ်ရာအခြေအနေအား မသိရသေးကြောင်း ငှက်ပျောချောင်းကျေးရွာမှ မလှနုဆိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

အလားတူပင် ပြီးခဲ့သည့် မေလ အတွင်းကလည်း ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ မောင်ကျော်နိုင်စိုး ဆိုသူမှာ တောထဲသို့ ဟင်းရှာဟင်းခူးသွားစဉ် မိုင်းနင်းမိပြီး ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ဆက်စပ် သတင်းများ