စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် မြေမြုပ်မိုင်းနင်းမိ၍ နွားရှာသွားသူအမျိုးသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 9.8k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့က မြေမြုပ်မိုင်းနင်းမိ၍ နွားရှာရန်သွားသူ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း မိသားစုဝင်များမှ သိရသည်။

သေဆုံးသူမှာ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ အထက်တင်းမကျေးရွာမှ ဦးတောင်လုံးကျော် (၃၈) နှစ် ဖြစ်သည်။

သူသည် မေလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်၌ အထက်တင်းမစာသင်ကျောင်းရှေ့ ရေကန်ဘောင်တွင် ထွက်ပြေးသွားသည့် နွားနောက်သို့လိုက်ရာမှ မြေမြုပ်မိုင်းနင်းမိကာဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းနောက် သရက်တပင်ဆေးခန်းသို့ ယူဆောင်ခဲ့ပြီး ည ၁၁ နာရီခန့်၌ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

“ကျွန်တော်တို့နဲ့အတူ ရွာကထွက်ပြေးကြတုန်းက ကျန်ခဲ့တဲ့နွားတွေသွားရှာတာပါ။ နွားနောက်က ပြေးလိုက်သွားတာသူက။ အဲဒီမှာ ပေါက်ကွဲသံတစ်ခုကြားတော့ သွားကြည့်တော့ သူ့မှာ ဒဏ်ရာတွေနဲ့ပါ။ သရက်တပင်ဆေးခန်းကို ၉ နာရီလောက်ရောက်တယ်။ ညမထွက်ရအမိန့်နဲ့ဆိုတော့ ဘယ်မှ ဆက်သွားလို့မရဘူး။ သွေးထွက်များပြီး သွေးခမ်းပြီးသေသွားတာပါ။ မခံစားနိုင်အောင် စိတ်မကောင်း ဖြစ်ရတယ်”ဟု မိသားစုဝင်တစ်ဦးဖြစ်သူ ဦးအကျော်ချေက ပြောသည်။

ဦးတောင်လုံးကျော်တွင် မိုင်းပေါက်ကွဲစဉ် ဘယ်ခြေထောက်ပြတ်ထွက်ဒဏ်ရာ၊ ညာလက်နှင့် ညာဘက်ခြေရင်းတို့တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးသွားခြင်းဖြစ်သည်။

“တောင်လုံးကျော်က မိဘကိုလုပ်ကျွေးနေတဲ့လူပါ။ ကလေးနှစ်ယောက်အဖေ။ သူ့မိန်းမလည်း သူ့စိတ်ကြောင့် နေမကောင်းဖြစ်နေတယ်။ စိတ်မကောင်းဖြစ်ရတယ်”ဟု အထက်တင်းမကျေးရွာမှ စစ်ဘေးရှောင်လာသူ ကျေးရွာလူကြီးတစ်ဦးဖြစ်သူ ဦးအောင်ကျော်ဇောက ပြောသည်။

သေဆုံးသူ ဦးတောင်လုံးကျော်အား ယနေ့ နေ့လယ် ၁ နာရီတွင် ညောင်ချောင်းစစ်ဘေးရှောင်စ ခန်း၌ သင်္ဂြိုလ်လိုက်ရကြောင်း မိသားစုများမှ သိရသည်။

----------------------

Unicode:


အိမျစိုးဖွူ

နိရဉ်စရာ၊ မေ ၅/၂ဝ၂ဝ










ဆက်စပ် သတင်းများ