အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရသေ့တောင်တွင် မီးလောင်ခဲ့သောနေအိမ်မှာ အထက်တန်းပြဆရာမတစ်ဦး၏ နေအိမ်ဟုသိရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 5k

ထက်အောင်

နိရဉ္စရာ၊ မေ ၂၈/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ချောင်းဝရပ်ကွက်တွင် ယနေ့ မေလ ၂၈ ရက်၊ နေ့လယ်ပိုင်းက မီးလောင်ခဲ့သော နေအိမ်မှာ အထက်တန်းပြဆရာမ တစ်ဦး၏ နေအိမ်ဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက  မီးလောင်မှု စဖြစ်တာကတော့ လေပန်ကာဖွင့်ထားတာကနေ အပူလွန်ကဲပြီးတော့ လောင်ကျွမ်းတာလို့ သိရတယ်။ မီးလောင် ကျွမ်းတာကတော့ ၁၂ နာရီ ၅ မိနစ်ကနေ မိနစ် ၃၀ ထိ ဖြစ်ပွားခဲ့တယ်။ မီးငြိမ်းသတ်တာကတော့ ရသေ့တောင်မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ကား (၃) စီးနဲ့ ငြိမ်းသတ်ခဲ့ရတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ တွက်နေဆဲပါဟု ပြောသည်။

မီးလောင်ကျွမ်းသွားသည့် နေအိမ်မှာ ရသေ့တောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁) မှ အထက်တန်းပြဆရာမ ဒေါ်ခင်သန်းညွှန့်၏ နေအိမ်ဖြစ်ကြောင်းသိရသည်။

မီးလောင်ကျွမ်းသွားသည့် နေအိမ်ပိုင်ရှင် ဆရာမဒေါ် ခင်သန်းညွှန့်က ဆရာမတို့က ကျောင်းတက်နေတယ်။ အဲဒီမှာ အခြားဆရာမတစ်ယောက်က အသိပေးလို့ အိမ်ကိုပြန်သွားတော့ မီးလောင်ပြီး ခေါင်မိုးတွေအကုန် ပွင့်ထွက်သွားပြီး အိမ်က အရိုအဆင့်ဖြစ်သွားပြီ။ အုတ်နံရံတစ်ခုပဲကျန်တယ်။ ကျန်တာအကုန်လုံးပါသွားတယ်။ ဘယ်ကနေစပြီးလောင်တယ်ဆိုတာလည်း မသိဘူး။ ဆရာမထင်တာကတော့ ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ထင်တယ်ဟု ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် အိမ်ထဲတွင် ရှိနေသည့် အမျိုးသမီးငယ်တစ်ဦးတွင် ခြေသလုံး၌ အပူလျှပ်သွားပြီး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့သည်။

အမျိုးသမီးငယ်တစ်ယောက်ဒဏ်ရာရသွားတာ ဟုတ်ပါတယ်။ မီးလောင်တယ်ဆိုပြီးတော့ ထွက်ပြေးတဲ့အခါ အပူလျှပ်သွားတာပါ။ ခြေသလုံးမှာ ဒဏ်ရာအနည်းငယ်ရသွားတာပါ။ သူ့ကိုတော့ ဆေးခန်းသွားပြပါတယ်။ လောလောဆယ်တော့ ဒဏ်ရာက သက်သာပါတယ်ဟု ဆရာမ ဒေါ်ခင်သန်းညွှန့်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့သည့် မေလ ၂၀ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ပေါ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၄ လုံး ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

ဆက်စပ် သတင်းများ