ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဘူးသီးတောင် ကူးတိုးဆိပ်စာသင်ကျောင်း မီးလောင်မှု ရှို့မီးဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 10.2k

နှင်းနွယ်နီ
နိရဥ္စရာ၊ နိုဝင်ဘာ ၈/၂၀၂၁
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကူတိုးဆိပ် အလကစာသင်ကျောင်းခွဲ မီးလောင်မှုကို ရှို့မီးဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနေသည်ဟု မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးထွန်းဝင်းနိုင်က နိရဥ္စရာသတင်းဌာသို့ပြောသည်။
“တောင်ပူဇာ နယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်” ဟုပြောသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့်ကျောင်းဆောင်အတွင်း လူနေထိုင်မှုမရှိဘဲ လောင်ကျွမ်းသွားခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါကျောင်းသည် နိုဝင်ဘာလ ၇ ရက် ညဉ့် ၂ နာရီဝန်းကျင်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် ၎င်းအလယ်တန်းကျောင်းခွဲတွင် အလျား ၆၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၂ ပေရှိ သွပ်မိုး၊ ဝါးထရံကာ၊ ကွန်ကရစ်ခင်းကျောင်း အဆောက်အအုံတစ်လုံးအပါအဝင် စာသင်ခုံများနှင့် ကျောင်းဆောင်အနီးရှိ အဘူဆီယာ အသက် (၄၆) နှစ် နေထိုင်သည့် ဓနိမိုး၊ ဝါးထရံကာ နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အလျား ၉၀ ပေ× အနံ ၃၀ ပေရှိ အသစ်ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ်မှာ ၇၅ % ပြီးစီးနေပြီဖြစ်သောကြောင့် အဆိုပါကျောင်းဆောင်သစ်တွင် ကျောင်းသား/သူများကို စာသင်နိုင်ရန် စီစဉ်ထားသည်ဟု ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးမောင်တင်အောင်က ပြောသည်။
“ကျောင်းဆောင်သစ်ကို ဆက်လက်ပြုလုပ်နေချိန်မှာလည််း ရွာသားတွေကိုယ်ထူကိုယ်ထဆောက်ထားတဲ့အဆောင်မှာ ယာယီပြောင်းရွှေ့သင်ကြားပေးသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။
မီးလောင်သွားသည့် ကူတိုးဆိပ် အလကခွဲ စာသင်ကျောင်းတွင် ကျောင်းအုပ်ကြီး ၁ ဦး၊ ဆရာ/မ ၄ ဦးနှင့် ကျောင်းလုပ်သား ၁ ဦးရှိပြီး Kg တန်းမှ ၇ တန်းအထိကျောင်းတက်နေသည့် ကျောင်းသား/သူဦးရေ စုစုပေါင်း ၁၆၅ ဦးရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ