သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် ၁ဝ ရက်အတွင်း မီးလောင်မှု ၄ ကြိမ်ဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k

သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၂ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ၁၀ ရက်အတွင်း မီးလောင်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုများသည် နိုဝင်ဘာလ ၇ ရက်မှ ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက် အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၂၁ ရက် ည ၉ နာရီခန့်က ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စု မြောက်ရွာတွင် မီးပေါ့ဆမှုကြောင့် နေအိမ် ၁ လုံးမီးလောင်ပျက်စီးခဲ့သည်ဟု သပိတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်က နိရဥ္စရာကိုပြောသည်။
“မီးဖိုချောင်က လောင်တာ။ ပေါ့ဆမီးကြောင့်။ လက်ရှိမှာတော့ မိသားစုအိမ်မှာ ခဏနေနေကြတယ်”ဟု ပြောသည်။
မီးလောင်မှုဖြစ်ပွားခဲ့သော အိမ်သည် ဒေါ်ဆော်ကီနာ (၄ဝ နှစ်)၏အိမ်ဖြစ်ပြီး ဓနိမိုး၊ ဝါးထရံကာအမျိုးအစားဖြစ်သည်။
မိသားစု ၂ စု နေထိုင်ပြီး လူဦးရေ ၁၉ ဦးရှိသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ ငါးရန့်ချောင်းကျေးရွာအုပ်စုရှိ ယင်းမကျေးရွာတွင် နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် နိုဝင်ဘာ ၁၃ ရက်ကလည်း ဘူးသီးတောင်မြို့နယ် မီးကျောင်းစျေးကျေးရွာရှိ အလျားပေ ၁၂၀၊ အနံ ၂၂ ပေ၊ သွပ်မိုး၊ အာရ်စီအမျိုးအစား ဘာသာရေးကျောင်း ၂ ထပ်ဆောင်တစ်ဆောင်မီးလောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၇ ရက်ကလည်း မီးကျောင်းစျေးကျေးရွာအုပ်စုရှိ ကူးတိုးဆိပ်ကျေးရွာ အလက(ခွဲ)ကျောင်းအတွင်းရှိ ကျောင်းဆောင်တစ်ဆောင်နှင့် အနီးရှိနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - နိုဝင်ဘာ ၂၁ ရက် ညက ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စု မြောက်ရွာတွင် မီးလောင်မှုဖြစ်ခဲ့စဉ်။

ဆက်စပ် သတင်းများ