ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီး ၁၁ နာရီကျော်အကြာ တောမီးလောင်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k

မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၅/၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီးရှိ အသစ်ဆောက်လုပ်ထားသော ခမီကြိမ်ချောင်းရေလှောင်တမံသို့ သွားသည့် လမ်းဘေး၏ ဆင်အိုင်တောင်မှစတင်ကာ ယမန်နေ့က ၁၁ နာရီကျော်ကြာ တောမီးများလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါတောမီးသည် ယမန်နေ့ မတ်လ ၄ ရက် နေ့လယ် ၁ နာရီခန့်မှစတင်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ဆိပ်ရွာအနီးအနားရှိ တောင်များကို ဆက်လက်ကူးစက်လောင်နေခဲ့ကြောင်း ကျောက်ဆိပ်ရွာဒေသခံ ကိုရဲသက်နိုင်က နိရဥ္စရာသို့ပြောသည်။
"မီးတွေက အားလုံးပြန့်သွားခဲ့တယ်။ တခြားတောင်ယာတွေကိုလည်း ကူးသွားခဲ့တယ်။ ပြည်ထောင်စုလမ်းမကြီးဘေးက တောင်တွေကမတ်စောက်တော့ မီးသတ်ကားတွေလည်း မီးတက်သတ်လို့အဆင်မပြေခဲ့ဘူး"ဟုပြောသည်။
ယင်းသို့မီးလောင်ခဲ့မှုကြောင့် ၃ နှစ်သားခန့်အရွယ် ကျွန်းပင်၊ ပြိုင်းပင် ၁၀၀ ခန့်လည်း မီးထဲပါသွားပြီး ယာပိုင်ရှင်များမှ မိမိတို့၏ယာများသို့ မီးဆက်မကူးလာစေရန် မီးငြှိမ်းခဲ့ရကြောင်း သူက ဆက်ပြောသည်။
တောမီးလောင်ခြင်းကို ငြှိမ်းသတ်နိုင်ရန်အတွက် ယမန်နေ့ညက ပုဏ္ဏားကျွန်းမြို့နယ်မီးသတ်ဦးစီးဌာမှ မီးသတ်ကား ၂ စီးရောက်ရှိခဲ့သော်လည်း မီးငြှိမ်းသတ်ရန်အဆင်မပြေခဲ့ဘဲ အခြေအနေကိုစောင့်ကြည့်နေခဲ့ရသည်ဟု သိရသည်။
အဆိုပါတောမီးမှာ ယမန်နေ့ ညဥ့် ၁၂ နာရီကျော်ခန့်တွင် မီးငြိမ်းသွားခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
ရခိုင်တွင် ယခုနှစ် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ ၂ လအတွင်း မီးလောင်မှုဖြစ်ပွားခဲ့မှုများကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၆ လုံး၊ ကျပ်သိန်း ၅ဝဝ တန်ဖိုးရှိ ကား ၁ စီးနှင့် ဂိုဒေါင် ၂ လုံးတို့လည်း ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့စာရင်းအရ သိရသည်။
ယခုကာလသည် ခြောက်သွေ့သည့် ပွင့်လင်းရာသီဖြစ်လာပြီဖြစ်၍ မီးကို အထူးသတိပြုကြရန်လည်း မီးသတ်ဌာနက သတိပေးထားသည်။
ဓာတ်ပုံ - Min Htet facebook

ဆက်စပ် သတင်းများ